Myanmar Encyclopedia

ကနစိုးပင် ။ ။ ကနစိုးပင်သည် အမြဲစိမ်းပင်မျိုးဖြစ်၍ မိုးများသော ဒေသများတွင် ပေါက်သည်။ အရွယ်မှာ အလတ်စားမျိုးဖြစ်သဖြင့် အမြင့်ပေ ၄၀ မှ ၅၀ အထိ၊ ပင်စည်လုံးပတ် ၃ ပေမှ ၅ ပေအထိ ရှိကြသည်။

ကနစိုးသား၏ အရောင်မှာညို၍ အသင့်အတင့် မာသည်။ တပို့တွဲနှင့် တပေါင်းလများတွင် ပန်းပွင့်၍ တန်ခူးနှင့် ကဆုန်လများတွင် အသီးများ မှည့်ကြသည်။ စပျစ်သီးခိုင်ကဲ့သို့ အပြွတ်လိုက်၊ အခိုင်လိုက်သီးသဖြင့် အင်္ဂလိပ်လူမျိုးတို့က မြန်မာစပျစ်သီးပင်ဟူ၍ပင် အမည် ပေးထားကြသည်။

ကနစိုးသီးသည် မမှည့်သေးမီအချိန်တွင် အစိမ်း ရောင်ရှိ၍ မှည့်လာသောအခါမှ ဝါလာသည်။ အခွံဝါ အတွင်းရှိ နှင်းဆီရောင်ဖျော့ဖျော့ အမြွှာများကို လူတို့ စားသုံးကြသည်။ ချိုချဉ်သော အရသာရှိသည်။

ကနစိုးသီးကို အလွန်အကျွံစားမိလျှင် ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်တတ်သည်။

ပင်မစာမျက်နှာသို့