ကထိန်။ ။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား ဖူးမြော် ရန် ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ ဖြစ်သော သာကေတပြည်မှ ဝါကျွတ်သောအခါ ခြေလျင် ခရီးဖြင့် ကြွလာခဲ့ကြသည်။
ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့်
ရဟန်းများ မိုးရေစိုစွတ်ကြကုန်သည်။ ထိုသို့မိုးရေ စိုစွတ် သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရား သခင် မြင်တွေ့ရသောအခါ ထိုခရီးသည် ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့ အား ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်တော်မူခဲ့လေ သည်။
ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာ ပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ၊ အများကို ဖြစ်စေ 'ဣမံကထိနစီဝရံ သံဃဿ ဒေမ' ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ်လှူဒါန်းကြသည်။
ကထိန်ပွဲတော်ကို 'မိုးလကုန်စဲ ကထိန်ပွဲ' ဟူသော ဆိုရိုးနှင့်အညီ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ရှေးပုဂံခေတ်ကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။
ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ် လှူရန် ဉတ်သင်္ကန်းအပြင် အခြံအရံလှူဖွယ်ပစ္စည်းများ ကို ထည့်သွင်းလှူဒါန်းလေ့ရှိသည်။
ကထိန်ခင်းရာ၌ သံဃိကစစ်စစ် ဖြစ်သင့်သည့် အတွက် အလှူဒါယကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း
ဖြစ်သည်ဟု ခွဲခြားလျှောက်ကြားသင့်သည်။ ကထိန်ခင်း၍ ကထိန်သင်္ကန်း ရရှိသောရဟန်းတို့မှာ ကထိန် အာနိသင် ငါးပါးဖြစ်သည့် –
(၁) အနာမန္တစာရ = ထင်ရှားရှိသော ရဟန်းကို မပန်မူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊
(၂) အသမာဒါနစာရ = အဓိဋ္ဌာန်တင်ပြီး ဆောင် သော သင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
(၃) ယာဝဒတ္ထစီဝရ = အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုမူ၍ ထားနိုင်ခြင်း၊
(၄) ဂဏဘောဇန = ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
(၅) တပေါင်းလပြည့်နေ့အတွင်း သံဃာအား လှူ သော သင်္ကန်းလျာပုဆိုး၊ သင်္ကန်းစသည်တို့ကို ရရှိနိုင်ခြင်းတို့ ခံစားရကြောင်း ကျမ်းဂန်များ တွင် မိန့်ဆိုထားသည်။