ကတိုးကောင်။ ။ ကတိုးကောင်သည် ဟိမဝန္တာတောင်၊ ကုန်းမြင့်သစ်တောများတွင်ရှိသော ဒရယ်တစ်မျိုးဖြစ်၍ ယင်းကို လက်တင်ဘာသာဖြင့် မော့ချပ်၊ မော့ချီဖာရာဟု ခေါ်သည်။ များသောအားဖြင့် တစ်ကောင်တည်း နေတတ် သည်။ တစ်ခါတစ်ရံ ဖိုမ တွဲ၍နေသည်ကို တွေ့ရသည်။ သို့ရာတွင် အုပ်စုဖွဲ့၍ နေလေ့မရှိပေ။ အရွယ်ရောက်သော အကောင်မှာ အလျား ၃ ပေခန့်ရှိ၍ ပခုံးအထိ လက်မ ၂၀ ခန့်မြင့်သည်။ အရောင်အမျိုးမျိုးရှိသော်လည်း အများ အားဖြင့် အောက်ပိုင်းဖြူ၍ အပေါ်ပိုင်းသည် မီးခိုးရောင် သို့မဟုတ် အညိုရောင်ဖြစ်သည်။
အဖိုနှင့်အမ နှစ်ကောင်စလုံး၌ ဦးချိုမရှိချေ။ သို့သော် အဖို၏ အပေါ်မေးရိုးတွင် အောက်သို့ ထိုးထွက်နေသော အစွယ်များရှိ၍ ခုခံကာကွယ်ရာ၌ ထိုအစွယ်များကို အသုံး ပြုသည်။ အလွန်မွှေးကြိုင်သော ကတိုးဆီအတွက် ထို သတ္တဝါတို့ကို ထောင်ချောက်ဖြင့် ဖမ်းယူကြ၏။ ကတိုး ဆီကို အထီး၏ ဝမ်းဗိုက်အောက်တွင်ရှိသော ဂလင်း အိတ်မှ ရရှိသည်။ ဂလင်းအိတ်မှာ သံပရာသီးအရွယ်ခန့် ရှိ၍ ကတိုးဆီတစ်အောင်စခန့် ပါရှိ၏။ ကတိုးနံ့သည် အလွန်စူးရှကာ တာရှည်ခံသောကြောင့် ကတိုးဆီကို အဖိုးတန်ပစ္စည်းတစ်ခုအဖြစ် အရှေ့တိုင်းဒေသတွင် အသုံးပြုကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည် နယ်တွင် ကတိုးကောင်များကို တွေ့နိုင်သည်။