ကတူးလူမျိုး ။ ။ ကတူးလူမျိုးမှာ ရှေးကျလှသော သက် လူမျိုးစုတွင် ပါဝင်၍ ထိုလူမျိုးစုဝင် လူမျိုးငယ် ငါးမျိုး အနက် လူဦးရေအများဆုံးဖြစ်သည်။ (သက်လူမျိုး – ရှု။)
ကတူးတို့သည် မိမိတို့ကိုယ်ကို အသက်၊ သက်ဟူ၍ သညာတပ်ခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာတို့တွင် ထိုသူတို့ကို ကန္တူဟုရေးသားဖော်ပြ၍ တရုတ်မှတ်တမ်း တို့တွင်ကား ချိုင်တုဟု ရေးသားသည်။ ပုဂံခေတ် ကျောက်စာများအရ ထိုခေတ်က ကတူးတို့သည် တကောင်းမြို့ ပတ်ဝန်းကျင်ဖြစ်သော သင်းတွဲပြည်နှင့် မူးမြစ်ဝှမ်းအထက်ပိုင်း ဒီပဲယင်းဒေသတို့တွင် နေခဲ့ကြ ကြောင်း သိရသည်။
ပုဂံခေတ်အတွင်း ၁၃ ရာစုနှစ်အဦးပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြို့ပြပြည်ရွာ တည်ထောင်ခဲ့ပြီး သော မြန်မာတို့သည် မြောက်ဘက်သို့ ပျံ့နှံ့ရွှေ့ပြောင်း နေထိုင်ကြရာ၌ ကတူးတို့၏ ဒေသကိုပါ သိမ်းသွင်းခဲ့ ကြ၏။ ထိုအချိန်မှစ၍ ကတူးတို့နှင့်ဆက်သွယ်မှု ပိုမို များ ပြားလာခဲ့သည်။ မြန်မာနိုင်ငံအထက်ပိုင်းကို ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူပြီးသည့်နောက် ကတူးတို့သည် ဝန်းသို ဒေသဆီမှ မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်း နေထိုင်လာခဲ့ကြသည်။
ယခုအခါတွင် ကသာခရိုင်တွင်းရှိ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ၌ အများဆုံးတွေ့ရသည်။ ဗန်း မော်၊ မြစ်ကြီးနားနှင့် အထက်ချင်းတွင်းဒေသတို့၌လည်း ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။
ကတူးတို့သည် အားလုံးလိုလိုပင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ ဗမာလူမျိုး၊ ရှမ်းလူမျိုးတို့နှင့် ရောနှောနေထိုင်ကြသဖြင့် ကတူးဘာသာစကားတွင် မြန်မာစကား အများအပြားပါဝင်နေသည်ကို တွေ့ရ သည်။ ဈေးအသုံးအနှုန်း၊ ရေတွက်မှုအသုံးအနှုန်းတို့တွင် ရှမ်းဘာသာစကားကို အများဆုံး သုံးစွဲကြသည်။