Myanmar Encyclopedia

ကဏန်း ။ ။ ရေသတ္တဝါများ၌ ခြေထောက်ပါသည်ကို အလွန်တွေ့ရခဲသည်။ များသောအားဖြင့် ခြေထောက်
အတုအယောင်များသာ ပါရှိသည်။ ကဏန်း (ပုစွန်လုံး)
တွင် ခြေထောက် ၁၀ ချောင်း ထူးခြားစွာပါရှိသည်။ ယင်း တို့အနက် ရှစ်ချောင်းကိုသာ လမ်းလျှောက်သွားလာရန် အသုံးချ၍ ကဏန်းလက်မခေါ် ကြီးမားသန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ် အသုံးချသည်။ ထိုလက်မ ကြီးများသည် ကဏန်းအတွက် အကာအကွယ် လက်နက် လည်း ဖြစ်၏။ ကဏန်း၏ ကျောကုန်းမှာ အံ့ဖွယ်ကောင်း လောက်အောင် မာကျောသောအခွံထူဖြစ်နေ၍ ဤအခွံ ကြီးက သူ၏ ကိုယ်ခန္ဓာကို ကာကွယ်ထားသည်။ ကိုယ် ရှေ့ပိုင်းတွင် ရင်အုပ်ကာ သံချပ်သဖွယ် အကာအကွယ် ပါ ရှိ၍ ခြေထောက် ၁၀ ချောင်းစလုံးမှာလည်း မာကျောသော အခွံများဖြင့် အသီးသီး ဖုံးအုပ်လျက်ရှိသည်။ ကဏန်း သည် ရန်သူကို လက်မဖြင့် မြဲမြံစွာ ညှပ်တတ်သော ကြောင့် ယင်းတို့ကို သတိနှင့် ကိုင်တွယ်ရသည်။ ကဏန်း ၏ မျက်လုံးများတွင် အညှာတံပါရှိ၍ ယင်းတို့သည် ဝင် လိုက် ထွက်လိုက် လုပ်လေ့ရှိသည်။ ပါးစပ်မှာလည်း အလွန် အံ့သြဖွယ်ကောင်းသည်ဟု ဆိုရမည်။ အဘယ် ကြောင့်ဆိုသော် ယင်းတွင် စမ်းသပ်ရန်၊ ကိုက်ဖဲ့ရန်နှင့် အစာကိုဝါးခြေရန် အင်္ဂါအစိတ်အပိုင်းများ ပေါင်းစုပါဝင် သောကြောင့်ဖြစ်၏။

ကဏန်းသည် ကျောက်ပုစွန်၊ ပုစွန်တုပ်ကြီးများနှင့် ဆင်တူသည်။ ဆင်တူပုံမှာ အဆိုပါရေသတ္တဝါများကဲ့သို့ ပင် ကဏန်း၌ အာရုံခံမျက်စိ၊ နှာတံ၊ မေးရိုး၊ ထူးဆန်းသော ပါးစပ်၊ ကိုယ်ဖုံးအခွံမာနှင့် ခြေထောက် ငါးစုံစီ ပါရှိကြ သည်။ သို့သော် ပုစွန်တို့ကဲ့သို့ ဝမ်းဗိုက် မကြီးချေ။ ကဏန်းသည် အခြား ရေသတ္တဝါများနည်းတူ ပါးဟက်ဖြင့် ရေထဲ၌ အသက်ရှူသော်လည်း ကုန်းပေါ်တွင် အတန်ကြာ ကြာ နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ ပါးဟက်များကို အမြဲစွတ်စိုအောင် ပြုလုပ်ထားနိုင်သော ကြောင့် ဖြစ်၏။ ရေကျသွားသည့်အချိန်တွင် ကမ်းပါး သဲသောင်ပြင်ပေါ်၌ လျှောက်သွားကာ အစာရှာဖွေလေ့ ရှိသည်။

ကဏန်းတွင် အမျိုးပေါင်းများစွာရှိ၍ အသေးငယ်ဆုံး သော ကဏန်းကလေးမျိုးမှာ ခရုခွံ၊ ကမာခွံထဲတွင် ဝင်နေနိုင်လောက်အောင် သေးငယ်သည်။ ဂျပန်ပင်လယ် ၌ တွေ့ရသော ပင့်ကူကဏန်းကြီးများမှာမူ ကိုယ်အရှည် ၁၈ လက်မ၊ ဗြက်အကျယ် ၁၂ လက်မခန့်အထိ ရှိတတ် သည်။ အမျိုးအစားအလိုက် ပြုမူကျင့်ကြံကြပုံချင်းလည်း မတူကြပေ။ အချို့ကဏန်းမျိုးတို့မှာ ပုန်းရှောင်တတ်ကြ ပြီး အချို့ မှာ ပြန်လည်ခုခံတတ်ကြသည်။

ကဏန်းတို့သည် များသောအားဖြင့် ရေထဲတွင်သာ နေလေ့ရှိသည်။ ကုန်းပေါ်၌ နေထိုင်ကျက်စားသော ကုန်း ကဏန်းများပင်လျှင် ဥ ဥချိန်တွင် ပင်လယ်သို့ ထွက်ကြ သည်။

ရေနေကဏန်းမျိုးသည် ပါးဟက်ဖြင့် အသက်ရှူကြ ၍ ကုန်းကဏန်းမျိုးတွင် ပါးဟက်အစား အသက်ရှူရန် အဆုတ်နှင့်တူသော အင်္ဂါတစ်မျိုးပါရှိသည်။ အချို့ကဏန်း မျိုးမှာမူ ကုန်း၊ ရေ နှစ်နေရာစလုံးမှာပင် လွယ်ကူစွာ နေနိုင်ကြသည်။

မိခင်ကဏန်းမကြီးသည် မိမိကိုယ်၏ အောက်တွင် ဥများကိုကပ်၍ လုံခြုံစွာ သယ်ယူသွားလေ့ရှိ၏။ သို့သော် ဥမှပေါက်ဖွားလာသောသားငယ်ကို ပင်လယ်အောက်ခင်း ပေါ်တွင် ပစ်ထားလေ့ရှိသည်။ ကဏန်းပေါက်စတို့အရွယ် မှာ မီးခြစ်ဆံခေါင်းမျှလောက်သာ ရှိ၍ တစ်ကောင်စီကို အလင်းပေါက်အရေခွံတစ်မျိုးဖြင့် ရစ်ပတ်ဖုံးအုပ်လျက် ရှိသည်။ ကဏန်းပေါက်စကလေးများသည် ထိုအရေခွံကို ချက်ချင်းလိုလိုပင် ရုန်းထွက်ပြီးနောက် ရေအောက်မြေ ပြင်မှ ရေပေါ်သို့တက်လာကြသည်။

ကဏန်းပေါက်စကလေးတို့သည် ကူးခပ်သွားလာ နေစဉ် ငါးတို့၏စားသောက်ခြင်းကို ခံရသည်။ အသက်ရှင် ကျန်နေသော ကဏန်းကလေးများမှာ အကြိမ်ကြိမ် အရေ လဲခြင်းဖြင့် တဖြည်းဖြည်း ကြီးမားလာကြသည်။ အတန် ငယ် ကြီးလာသောအခါ ကဏန်းကြီးများနှင့် သဏ္ဌာန် တူလာ၍ ထိုအချိန်တွင် ရေမကူးတော့ဘဲ ရေတိမ်ရာ အရပ်နှင့် ရေစပ်ကမ်းပါးသို့ ချဉ်းကပ်လာကြသည်။ ထို အချိန်ကား ယင်းတို့အတွက် ဘေးအန္တရာယ် အများဆုံး အချိန်ဖြစ်တော့၏။

ကဏန်းတို့သည် ခြေလက်တို့တွင် ဒဏ်ရာရပါက ထိုခြေလက်တစ်ခုလုံးကို ဖြုတ်ပစ်လိုက်၍ ထိုနေရာတွင် မကြာမီ ခြေလက်အသစ်ပေါက်လာပြန်သည်။ ကဏန်း သည် ဘေးတိုက်သွားလာတတ်သည်။ အချို့ကဏန်းမျိုး တွင် လှေတက်နှင့်တူသော ခြေထောက်အများအပြား ပါရှိ၍ ယင်းတို့ဖြင့် ကောင်းစွာ ရေကူးနိုင်သည်။ ကဏန်း တို့သည် များသောအားဖြင့် ဆွေးမြည့်နေသော အရာဝတ္ထု များကို စားသောက်ကြသည်။ အချို့မှာ အပင်များ၊ အခြား သတ္တဝါငယ်များကိုလည်း စားသောက်တတ်သည်။

အချို့သော ကဏန်းမျိုးတို့သည် မျိုးခြားသတ္တဝါများ ဖြစ်သည့် ယောက်သွားခုံး၏ အခွံကြားထဲ၌ ဝင်ရောက် နေထိုင်ခြင်းဖြင့် ရန်သူ့ဘေးမှ အကာအကွယ် ရယူသည်။ အချို့ကဏန်းမျိုးမှာ သန္တာကောင်အုပ်စုတွင် ဝင်ရောက် နေထိုင်သည်။ ပင့်ကူကဏန်းကြီးမျိုးကမူ မိမိတို့၏ ကိုယ် ပေါ်ရှိ ရေညှိ၊ ရေမြှုပ်များဖြင့် မိမိနဂိုရုပ်မပေါ်အောင် ရုပ် ဖျက်ထားတတ်ကြသည်။ ဝင်ကစွပ်ကောင် (ဖင်နီဖင်စွပ်) ခေါ် ကဏန်းတစ်မျိုးမှာ မိမိကိုယ်နှင့်အံကိုက်သည့် ခရုခွံ ကို တွေ့သောအခါ ကိုယ်နောက်ပိုင်းကို ထိုးသွင်း၍ နေထိုင်လေ့ရှိသည်။ ကြာသော် ကဏန်း၏ဝမ်းဗိုက်မှာ ပျော့ပျောင်း နူးညံ့လာကာ အခွံနှင့်အလိုက်သင့် ဝက်အူရစ် ပုံ ဖြစ်သွားလေသည်။

ကုန်းကဏန်းကို ပူအိုက်သောဒေသတွင် တွေ့ရ သည်။ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းကျွန်းများတွင် တွေ့ရ သည့် ဓားပြကဏန်း သို့မဟုတ် အုန်းကဏန်း တို့သည် အုန်းသီးကို စားသောက်၍ အုန်းပင်တက်ရာတွင် အလွန် ကျင်လည်သည်။ အနောက်အိန္ဒိယကျွန်းစုမှ ကဏန်း တစ်မျိုးမှာ နှစ်စဉ် နွေကူးဥတုတွင် ဥ ဥရန်အတွက် အုပ်စု ဖွဲ့၍ ပင်လယ်သို့ ထွက်လေ့ရှိသည်။ ထိုအချိန်တွင် အထီး များက ရှေ့ဆောင်လာသော ကဏန်းအုပ်ကြီးမှာ တစ်ခါ တစ်ရံ ပေ ၁၂၀ မျှ ကျယ်၍ အလျား ၁ ကီလိုမီတာခန့် ရှည်လျားပြီး ယင်းတို့ ချီတက်ရာလမ်းတွင် အဆီးအတား များရှိစေကာမူ ဂရုမစိုက်ဘဲ လိုရာအရောက် သွားတတ် ကြသည်။

ပုစွန်၊ ကဏန်းစသည်တို့မှာ 'ကရပ်စတေးစီး' ခေါ် မျိုးပေါင်းတွင် ပါဝင်သည်။ ထိုမျိုးပေါင်းတွင် အခွံမာဖုံးကာ အဆက်ပါသော ခြေလက်များပါရှိသည့် ကျောရိုးမဲ့သတ္တဝါ များ ပါဝင်ပြီးလျှင် ယင်းတို့သည် များသောအားဖြင့် ရေ သတ္တဝါများဖြစ်၍ ပါးဟက်များဖြင့် အသက်ရှူကြသည်။

ပင်မစာမျက်နှာသို့