ကညွတ်ပင်။ ။တစ်နှစ်လျှင်တစ်ကြိမ်သာ ရာသီအလိုက် ပေါ်သည့် အပင်ဖြစ်သည်။ ရောမဘုရင်များ ကြီးစိုးသည့် ခေတ်မှစ၍ ကညွတ်ကို သီးနှံကောင်း တစ်ခုအဖြစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ ကညွတ်မှာ နှစ်ရှည်ခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့် စိုက်ခင်းတွင် အစေ့များကို စိုက် ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင် နှစ်စဉ် အပင် စို့များ ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် အပင်များ သန်စွမ်းစွာ ထွက်နိုင်ရန် မြေသြဇာ အစဉ်ဖြည့်လောင်းပေး ရသည်။ အနောက်နိုင်ငံများတွင် ဆောင်းနှင့်နွေအကြား နွေဦးရာသီမှာ ကညွတ်ပေါ်ချိန်ဖြစ်သည်။
ကညွတ်ပင်စို့များ မြေပြင်မှပေါ်ထွက်လာ၍ ၆ လက်မ သို့မဟုတ် ၈ လက်မ မြင့်လာသည့်အခါ စားသုံးရန် အတွက် ထိုအပင်ငယ်များကို ဖြတ်ယူကြသည်။ အပင်ကို ကြီးပြင်းအောင် ထားလိုက်လျှင် ငှက်မွေးငှက်တောင်ကဲ့သို့ သော အခက်အရွက်များဖြင့် အလွန် တင့်တယ်သည့် အပင်ဖြစ်လာသည်။ အပွင့်ကလေးများမှာ ဖြူ၍ အနီ ရောင်အသီးများ သီးသည်။ ထို့ကြောင့် အချို့ ကညွတ်ပင် မျိုးတို့ကို ခြံဥယျာဉ်များတွင် အလှအပအတွက် သက် သက် စိုက်ပျိုးထားတတ်ကြသည်။ ကညွတ်ပင်မျိုးပေါင်း ၁၂၀ ကျော်ရှိ၍ အချို့နိုင်ငံများတွင် ကညွတ်ရိုင်းပင်များနှင့် ကညွတ်နွယ်ပင်များလည်း ရှိသည်။
ကညွတ်ပင်ကို စိုက်ပျိုးရာ၌ ပျိုးခင်းတွင် ဘောင် များပြုလုပ်၍ မျိုးစေ့များကို အတန်းလိုက် ၃ လက်မစီ ခွာလျက် ပျိုးကြဲသည်။ အတန်းတစ်ခုနှင့်တစ်ခု ၃ ပေခန့် ကွာနေစေရသည်။ ထိုကဲ့သို့ မျိုးစေ့ကိုပျိုးပြီး တစ်နှစ် ကြာမှ ကညွတ်ပင်စို့များကို တူးဖော်၍ အမြဲတမ်း စိုက် ထားမည့် စိုက်ခင်းသို့ ရွှေ့ပြောင်းပေးရသည်။ ထိုစိုက်ခင်း တွင် တစ်တန်းနှင့်တစ်တန်း ၄ ပေမှ ၅ ပေအထိ ကွာစေ၍ တစ်ပင်နှင့်တစ်ပင် ၂ ပေခန့် ခွာထားရသည်။ ကညွတ် ပင်ပေါက်များကို အချိန်ယူ စိုက်ပျိုးရသည်သာမက ကျန်းမာရေးအတွက် အထောက်အကူဖြစ်သဖြင့် ကညွတ် ကို ရနိုင်ခဲသော ဟင်းသီးဟင်းရွက်အဖြစ် တန်ဖိုးကြီးစွာ ပေး၍ ဝယ်ယူစားသုံးကြသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကညွတ်ပင်များကို နည်းစနစ်သစ်များ အသုံးပြုလျက် ရာသီမရွေး စိုက်ပျိုး လျက်ရှိသည်။