Myanmar Encyclopedia

ကညစ်။ ။ ကညစ်ဆိုသည်မှာ ထန်းရွက်၊ ပေရွက်တွင် စာရေးရသော သံချွန်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် 'စတိုင်လက်' ဟု ခေါ်ဆိုသည်။

ပုံနှိပ်စာလုံးဖြင့် စက္ကူပေါ်တွင် စာပေကို ပုံနှိပ်ထုတ် ဝေခြင်း မပြုနိုင်မီက စာပေများကို ပေရွက်ပေါ်တွင် ရေးသားရလေသည်။ ထိုကဲ့သို့ ပေရွက်ပေါ်တွင် ရေးသား ပြီး ဖတ်ရှုလေ့လာရသော စာဖြစ်သောကြောင့် စာပေဟူ၍ မြန်မာမှု ဝေါဟာရတစ်လုံး ပေါ်ပေါက်လာခဲ့သည်။

ပေပေါ်၌ စာရေးရာတွင် ရေးနည်းသုံးမျိုး ရှိသည်။ ပထမအမျိုးအစားမှာ မင်ရေးပေဖြစ်သည်။ ဒုတိယ အမျိုး အစားမှာ အသုံးအလွန်များသော ကညစ်ရေးပေဖြစ်ပြီး တတိယ အမျိုးအစားမှာ ရွှေဇဝါရေးပေဖြစ်သည်။

ကညစ်သည် အလျားတစ်ထွာသာသာရှိပြီး ခဲတံ
လုံးခန့်ရှိ၍ ထိပ်ဖျားချွန်ထားသော သံချောင်းဖြစ်သည်။ အချို့ကညစ်သည် ထိပ်နှစ်ဖက်လုံး ချွန်ထားသောကြောင့် နှစ်ဖက်လုံးနှင့် စာရေးနိုင်သည်။ အချို့ကညစ်မှာမူ ထိပ် တစ်ဖက်သာချွန်ထားပြီး ကျန်ထိပ်တစ်ဖက်တွင် ဓား မောက်သဏ္ဌာန် သော်လည်းကောင်း၊ ခပ်စောင်းစောင်း ဆောက်သွားသဏ္ဌာန် သော်လည်းကောင်း ပြုလုပ်ထား တတ်ကြသည်။ ယင်းသို့ တစ်ဖက်သွားလုပ်ထားခြင်းမှာ ကညစ်၏ အလေးချိန်မျှစေရန်နှင့် လိုအပ်လျှင် ပေရွက် ပေမျှင် စသည်တို့ကို ဖြတ်ရန်၊ တိရန်အတွက် ဖြစ်သည်။ ကညစ်ကို လက်ကိုင်၍ကောင်းစေရန်၊ ဆုပ်၍ကောင်း စေရန် အလယ်တွင် ခပ်ထူထူလုပ်ထားရသည်။ ကညစ်
ကို ဝါးကျည်တောက်ကလေးနှင့် ထည့်သွင်းသိမ်းထား လေ့ ရှိသည်။

ပေပေါ်၌ ကညစ်ဖြင့် စာရေးသည့်အခါ ကြမ်းပြင် ကဲ့သို့ မာကျောသော မျက်နှာပြင်များပေါ်၌ မရေးရပေ။ ဤသို့ရေးပါက ပေများသည် ကညစ်စူးကြောင့် ကွဲအက် ပျက်စီးသွားနိုင်သည်။ ပေပေါ်၌ ကညစ်ဖြင့် စာရေးရာတွင် စာစင်ခုံဟုခေါ်သော ခုံကလေးပေါ်တွင် ရေးရသည်။ စာစင်ခုံ အဖုံးအထက်သို့ ထိုးထွက်နေသော တိုင်စွန်း လေးခုအနက် ရေးသူဘက်သို့ မျက်နှာမူသော လက်ဝဲ ဘက် တိုင်စွန်းတွင် အဝတ်ဖြင့် ကြပ်ထုပ်စည်းထားသကဲ့ သို့ ဖုလုံးလုပ်ထားရသည်။ ထိုဖုလုံးပေါ်တွင် စာရေးရန် ပြုပြင်ထားပြီးဖြစ်သော ပေရွက်ကို တင်၍ ကညစ်နှင့် ရေးရသည်။ အောက်တွင် အဝတ်ဖုလုံးရှိသောကြောင့် ပေရွက်ပေါက်ပြဲမသွားတော့ချေ။

ထန်းရွက်ပေါ်တွင်လည်း ကညစ်ဖြင့် စာရေးသည်။ မြန်မာမင်းများခေတ်က အမိန့်တော်များကို ထန်းရွက်ပေါ် တွင် ရေးသည်။ ပေရွက်ပေါ်တွင် အမိန့် မရေးရပေ။ ပေ တစ်သီး ကျီးတစ်သားဆိုသော စကားအရ ပေပင်သည် အရွယ်ရောက်၍ အသီးသီးလျှင် သေတတ်သည့်သဘော ကြောင့် မင်္ဂလာမရှိဟုဆိုကာ မသုံးခြင်းဖြစ်သည်။

ဧကရာဇ်မင်းမြတ်အမိန့်တော်ဟူသမျှကို ထန်းဖူး ညွန့်ရှည် တစ်မျက်နှာလျှင် စာတစ်ကြောင်းတည်းသာ သတ်စုံနှင့် ရေးရသည်။ ထိုအမိန့်တော်ကို တစ်ကြောင်း စာချွန်တော်ဟုခေါ်သည်။ လွှတ်တော်ဝန်ကြီးတို့က အမိန့် တော်အရ ရေးရသော အမိန့်ဖြစ်လျှင် ထန်းဖူးညွန့်ရှည် တစ်မျက်နှာလျှင် နှစ်ကြောင်းသာ ရေးရသည်။ ထိုစာကို နှစ်ကြောင်းစာချွန်ဟု ခေါ်သည်။

ယခုအခါ ထန်းရွက်ဖြင့်ရေးရသည့် စာချွန်တော်များ မရှိတော့သော်လည်း ထန်းရွက်ဖြင့်ရေးရသည့် ဇာတာ များမူ ရှိပါသေးသည်။

ပေပေါ်တွင် ကညစ်နှင့်စာရေးသည့်ဓလေ့ မည်သည့် အချိန်က ပေါ်ခဲ့သနည်းဟု ဆန်းစစ်ကြည့်ရာ သရေ ခေတ္တရာ ခင်ဘကုန်းမှ တူးဖော်ရရှိသည့် ရွှေပေချပ် ၂၀ တွင် ပျူအက္ခရာများဖြင့် ပိဋကတ်ပါဠိတော်များ ထုတ် နုတ်ရေးထားသည်ကို တွေ့ရသည်။ စာများမှာ ရွှေပေပေါ် တွင် လက်ရေးဖြင့်ရေးထားသည့် စာများဖြစ်၍ ရွှေပေ ပေါ်၌ ကညစ်ကဲ့သို့ မချွန်သော်လည်း ရွှေပေများ ပေါက်ပြဲ မသွားစေနိုင်သည့် ကညစ်ကဲ့သို့ စာရေးကိရိယာတစ်ခုခု ဖြင့် ရေးသားထားခြင်း ဖြစ်နိုင်သည်။

ဆရာမင်းသုဝဏ်၏ အမှတ်အသားအရ တွေ့ရသမျှ သော ရှေးအကျဆုံးပေစာမှာ အင်္ဂလန်နိုင်ငံတွင် ရှိသည်။ ထိုပေကို ခရစ်နှစ် ၁၆၇၃ ခုနှစ်၌ နန်းတက်သော ဝမ်းဘဲ အင်းစံ မင်းတရားသည် ခရစ်နှစ် ၁၆၈၀ ပြည့်နှစ်တွင် လှူဒါန်းခဲ့သောကြောင့် ခရစ်နှစ် ၂၀၁၈ တွင် နှစ်ပေါင်း ၃၀ဝ ကျော်ပြီဖြစ်သည်။ လှေသင်းအတွင်းဝန် ဦးချိန်က ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ပေရေး၊ ကညစ်ရေး အက္ခရာစုကို ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး လက်ထက်နှင့် သားတော်ငါးဆူဒါယကာ တောင်ငူရောက် မင်း လက်ထက်က ရေးသားခဲ့သည့် ပေစာများကို မြင်ဖူး ကြောင်း ရေးသားထားသောကြောင့် ထိုလက်ထက်က ပေဟုဆိုလျှင် နှစ်ပေါင်းငါးရာကျော်ခန့်မျှရှိသည်။

မြန်မာ့အနုသုခုမ အဘိဓာန်တွင် 'ကညစ်ရေး ပန်းချီ' ဟူသောဝေါဟာရကို ထန်းရွက်ပေရွက်ပေါ်တွင် လိုရာ ပုံသဏ္ဌာန်ရေးခြစ်သော အတတ်ပညာဟု ဖွင့်ဆိုထား သည်။ ထိုအတတ်ပညာကို ထန်းဖူးဇာတာများ၌ ခြယ်မှုန်း ထားသည်ကို တွေ့ရသည်။ အချို့ ထန်းဖူးဇာတာများသည် ထန်းဖူးနှစ်ချပ်သုံးချပ်ကို ဘာဂျာခေါက် ခေါက်ကာ မြင်းမိုရ်တောင်နှင့် အာလိန်ငါးဆင့်အစရှိသော ပန်းချီပုံ များကို ကညစ်ဖြင့် ရေးသားထားသည်ကို တွေ့ရနိုင် သည်။ ဦးအေးချို(မဟာဝိဇ္ဇာ)

ပင်မစာမျက်နှာသို့