Myanmar Encyclopedia

ကညင်ပင်။ ။ ကညင်ပင်မျိုးတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပျံ၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင် ဝက်တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက် ရှိသောကြောင့် အပင်ကိုလည်းကောင်း၊ ခွဲစိတ်ပြီး ကညင်သားကိုလည်း ကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုး ဖြစ်သည်ကို တိကျစွာ ခွဲခြားသိနိုင်ရန် ခဲယဉ်းသည်။ မြန်မာနိုင်ငံ အထက်ပိုင်း၌ ကညင်နီပင်မျိုးနှင့် မြန်မာနိုင်ငံအောက်ပိုင်း ၌ ကညင်ဖြူပင်မျိုးကို အများအပြား တွေ့နိုင်သည်။ ကညင်ပင်တို့သည် အလွန်ကြီးမားသောအပင်မျိုး ဖြစ် သည်။ အချို့သည် အမြင့်ပေ ၁၅၀ ခန့်၊ ပင်စည်လုံးပတ် ၁၅ ပေခန့်အထိ ရှိတတ်သည်။ ထိုကဲ့သို့ မြင့်မားသော အပင်ကြီးများတွင် အရင်းပိုင်း ပေ ၇၀ မှ ပေ ၁၀ဝ လောက်အထိ အကိုင်းအခက်များကင်းစင်ကာ ဖြောင့်စင်း နေတတ်သည်။ အခေါက်အပွေးမှာ အလွန်ချောမွတ်သည်။ ကညင်ပင်သည် အစုလိုက်မပေါက်ဘဲ ပြောက်ကျား ပေါက်လေ့ရှိ၍ မြန်မာနိုင်ငံ၌ အမြဲစိမ်းတောများတွင် တွေ့မြင်နိုင်သည်။

ကညင်သားသည် နီညစ်ညစ်အရောင်ရှိ၍ အင်သား ထက် အနည်းငယ်ညံ့သည်။ အသားကြမ်း၍ အတော် အတန် ခိုင်ခံ့သော်လည်း မြန်မာနိုင်ငံ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိချေ။ ခြလည်း စားလွယ်သည်။ ထို့ကြောင့် အသားသေအောင်ပြုလုပ်ပြီးမှ အသုံးချသင့်သည်။ မြန်မာ နိုင်ငံတွင် ကညင်သားကို လှေများနှင့် သေတ္တာများ လုပ်ရာ၌ အသုံးများသည်။

ကျေးရွာများ၌ မီးထွန်းရန်နှင့် မီးမွှေးရန် ကညင်
ပင်မှရသော ကညင်ဆီဖြင့်် ကညင်ဆီတိုင် ပြုလုပ်ထား သည်။

ကညင်ဆီထုတ်ယူပုံမှာ တောတောင်ထဲ၌ ပေါက်
ရောက်သော လုံးပတ်ငါးတောင်မှ ရှစ်တောင်အထိ ကြီးမားသည့် ကညင်ပင်ကြီးတွင် အောက်ခြေအမြစ်မှ အထက် သုံးတောင်ကွာခန့်၌ ဗြက်နှစ်တောင်၊ ဇောက်
နှစ်တောင်ခန့် ဓား၊ ပုဆိန်ဖြင့် ထွင်းဖောက်၍ တွင်းကလိုင် တစ်တောင်ခန့်အကျယ်ရလျှင် သစ်စ၊ သစ်ပေါက်များကို ဖယ်ရှင်း၍ သစ်ကိုင်းခြောက်များဖြင့် မီးတိုက်ရသည်။ တစ်နေ့နှင့်တစ်ည မီးတိုက်လျှင် မီးလောင်ပြီး တွင်း ကလိုင်ထဲသို့ ကညင်ဆီများ ယိုစီးကျလာသည်ကို ခပ်ယူရ သည်။

ထိုသို့ရရှိသော ကညင်ဆီကို ကြသောင်းဝါးကျည် ဖြင့် ဖြစ်စေ၊ ကျွဲချိုခွံဖြင့် ဖြစ်စေ ထည့်ရသည်။ မြေအိုး
ဖြင့် မထည့်ရချေ။ ထို့နောက် ညောင်သား၊ ပေါက်သား၊
အောက်ချင်းစာသား၊ ကျည်းသား၊ သရက်သား၊ သစ်ပင်
အခြောက်အဆွေးများကို ထုခြေ၍ သစ်သားပျဉ်ပေါ်တွင် ကညင်ဆီနှင့် သမအောင်နယ်ကာ သပေါ့ရွက်ခြောက် တွင် သင့်ရုံထည့်၍ အရွက်ချင်း ခေါက်အုပ်ပြီးလျှင် ဝါးနှီး ဖြင့်လုံအောင် လေးငါးချက် စည်းရသည်။ ယင်းကို ကညင် ဆီတိုင်၊ ကညင်ဆီထုပ်၊ ကညင်ဆီချောင်းဟု ခေါ်သည်။

ကညင်ဆီတိုင်၏ အရွယ်ပမာဏမှာ အရှည် သုံးမိုက် (၁၃ လက်မ)ခန့်၊ လုံးပတ်ဒင်္ဂါးပြားခန့်ရှိသည်။

၂၀ဝ၆ ခုနှစ်မှစ၍ ကျွန်း၊ ကညင်နှင့် သစ်မာမျိုးစုံ သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းများကို
ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင်များ၊ ကုမ္ပဏီ၊ ဖက်စပ်
အဖွဲ့အစည်း အသီးသီးတို့အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် ကို ပြဋ္ဌာန်းခွင့်ပြုပေးခဲ့သည်။ ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သစ်မာမျိုးစုံ ပုဂ္ဂလိက သစ်တော စိုက်ခင်းများနှင့် ပျဉ်းကတိုး၊ ကညင် အပါအဝင် သစ်မျိုးများကို ရွေးချယ် စိုက်ပျိုးလျက်ရှိသည်။

ပင်မစာမျက်နှာသို့