ကညာ။ ။ ကညာကို အဘိဓာန်ကျမ်းများတွင် ၁၀ နှစ် အရွယ် မိန်းကလေး၊ အပျိုစင်၊ ၁၀ နှစ်အထက် ၁၂ နှစ် အောက်အရွယ် မိန်းမငယ်၊ သတို့သမီး၊ သူငယ်မဟူ၍ အသီးသီး ဖွင့်ဆိုကြသည်။ ယုဒသန်၏ မြန်မာ–အင်္ဂလိပ် အဘိဓာန်တွင် အသက် ၁၃ နှစ်အထက် အပျိုပေါက်ဟု ဖွင့်ထားသည်။
ကျမ်းအသီးသီးတွင် ကညာသုံးရပ်၊ ကညာလေးရပ်၊ ကညာခုနစ်ရပ်၊ ကညာကိုးရပ်ဟု အသီးသီး ဖွင့်ဆိုကြ သည်။ ဤသည်ကို အချို့ကျမ်းများ၌ ကညာသုံးရပ်ကို အပျိုစင်သုံးရပ် စသည်ဖြင့်လည်း ရေးသားတတ်ကြသည်။
ကညာသုံးရပ်ဟုဆိုလျှင် ရှစ်နှစ်အရွယ် သူငယ်မသည် ငိုယိုတတ်သည့်အရွယ်ဖြစ်၍ ဂေါရီမည်၏။ ၁၀ နှစ်အရွယ် သည် ချစ်ခင်ဖွယ် နုနယ်သော အဆင်းရှိ၍ ကညာမည်၏။ ၁၂ နှစ်အရွယ်သည် မြူးရွှင်ပျော်ပါး ကစားတတ်သော ကြောင့် ကုမ္မာရီမည်၏ဟူ၍ ဖွင့်ဆိုသည်။ ကညာလေးရပ် ဟုဆိုလျှင် ထိုသုံးရပ်ပြီးသော် မဟလ္လိကာ ထိုထက်လွန် သော အရွယ်ဟု ဖွင့်ဆိုကြသည်။
မဃဒေဝလင်္ကာသစ်တွင် 'ဂေါရီကားရှစ်၊ ဆယ်နှစ် ကညာ၊ ဆယ့်နှစ်မှာမူ၊ ကုမာခေါ်ထုံး၊ ဆယ့်သုံးနှစ်မယ်၊ သွေးစုန်းရွယ်နှင့်၊ တသွယ်ပိုင်းခြား၊ ဆယ့်ငါးမျက်မည်း၊ ကြည်းကြည်းကြည်ရွှန်း၊ နှစ်ဆယ်ဆန်းက မျက်ဝန်းမည် တွင်' ဟူ၍ ဖွဲ့သည်။
ရှစ်နှစ်အရွယ် ဂေါရီ၊ ၁၀ နှစ် ကညာ၊ ၁၂ နှစ် ကုမ္မာရီ၊ ၁၃ နှစ် သွေးစုန်း၊ ၁၅ နှစ် မျက်မည်း၊ အသက် ၂၀ မျက်ဝန်း ဟုလည်း ကညာခြောက်ရပ် ဆိုထားပြီး ထိုကညာ ခြောက်ရပ်တွင် အသက် ၃၀ အထက်ကို မြောင်းတူးဟူ၍ ကညာခုနစ်ရပ် ဖွင့်ဆိုသည်လည်း ရှိ၏။ ကညာကိုးရပ် ဖွင့်ဆိုကြရာ၌ အသက် ၂၀ မျက်ဝန်းအထိ ကညာ ခြောက်ရပ်တွင် ကညာသုံးရပ် ထပ်ပေါင်းထားခြင်း ဖြစ် သည်။ ထိုသုံးရပ်မှာ အသက်ခုနစ်နှစ်ကို ဒါရိကာ၊ အသက် ၂၅ နှစ်ကို မျက်ညွတ်၊ အသက် ၄၀ အထက်ကို မြောင်း တူးဟူ၍ ဖြစ်သည်။
ကညာကို ဝိနိစ္ဆယပကာသနီဓမ္မသတ်၌ အဆင်း၏ တင့်တယ်ခြင်းဖြင့် တောက်ပတတ်သည့် အဖြစ်ကြောင့် ကညာ၊ ယောကျ်ားကို နှစ်သက်စေတတ်သည့်အဖြစ် ကြောင့် ကညာ၊ အနှစ် ၆၀ ရှိသည်ဖြစ်စေကာမူ တစ်စုံ တစ်ယောက်နှင့် မစပ်မရောက်ဖူးသမျှ မိန်းမကို ကညာ ဟူ၍ ဖွင့်ဆိုထားသည်။ ထိုအဖွင့်များကြောင့် အပျိုစင်ကို ကညာဟု ခေါ်ကြောင်း အဘိဓာန်များက ဖွင့်ဆိုခြင်း ဖြစ် သည်။
ကညာသည် အပျိုစင်ဖြစ်ကြောင်း ဖွင့်ဆိုကြသော် လည်း ဝေဿန္တရာဇာတ်ပါဠိတော် ဂါထာ ၇၅၆ ၌ 'တတောမဒ္ဒီစနှာပေသုံ၊ သိဝိကညာသမာဂ္ဂတာ' ဟူ၍ ပါရှိ ရာ ယင်းဂါထာကို 'သိဝိကညာတိ သိဝိရညော ပဇာပတိ ယော' ဟူ၍ အဋ္ဌကထာဖွင့်ထားသည်။ သိဝိကညာတိ၊ သိဝိကညာဟူသည်ကား သိဝိရညော၊ သိဝိမင်း၏ ပဇာ ပတိယော၊ မယားတို့သည်ဟု အဓိပ္ပာယ်ရှိရာ လင်ရှိမိန်းမ ကိုလည်း ကညာဟု သုံးကြောင်း တွေ့ရပြန်သည်။ သို့ရာ တွင် မျက်မှောက်ကာလ၌ 'ကညာ' ဆိုသည်ကို အသက် ငယ်ရွယ်သူ အပျိုစင်ဟုသာ အသုံးပြုတတ်ကြသည်။