ကဇာတ်။ ။ ကဇာတ်ဟူသည် ဇာတ်လမ်းတစ်ခုခုကို အကသက်သက်ဖြင့် သရုပ်ဖော်၍ ကပြသော ဇာတ်မျိုးကို ဆိုလိုသည်။ တစ်နည်းအားဖြင့် အကပညာ၏ အစွမ်းကို ထုတ်ဖော်ပြသည့် ဇာတ်မျိုး ဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်တွင် ရှေးဦးစွာ ပေါ်ပေါက်သည့် သဘင်ပုံစံမှာ ဒရာမာ ခေါ် ဇာတ်နိပါတ် များနှင့် ပြဇာတ်တို့တွင် သီဆိုမှု၊ ကပြမှုနှင့် ရွတ်ဖတ် ပြောဆိုမှုစသည့် အဓိကပညာရပ်သုံးခု ပါဝင်နေသည်။ ထို ပညာရပ်သုံးခုကို ထည့်သွင်း အသုံးပြုလာရာမှ ထိုပညာ ရပ်တို့ကို တစ်ခုစီ ခွဲခြား အသုံးပြုကာ တစ်ခုစီ၏ အရသာကို အပြည့်အဝ ခံစားရအောင် တီထွင်ဖန်တီးခဲ့ရာ တွင် ကပြမှုသက်သက်ဖြင့် သရုပ်ဖော်သော ကဇာတ် ပေါ်ပေါက်လာသည်။ ကဇာတ်သည် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၌မဆို မိမိတို့၏ရိုးရာ အမျိုးသား
ကဟန်များကိုသာ အသုံးပြု၍ အကသက်သက်ဖြင့်သာ ထုတ်ဖော်သော ဇာတ်များ ဖြစ်သည်။ (ပြဇာတ် - ရှု။)
ကဇာတ်သည် အဆိုအပြော လုံးဝမပါဘဲ အက ပညာသက်သက်ဖြင့် တီထွင်တင်ဆက်ထားခြင်း ဖြစ် သည်။ ဇာတ်လမ်းကို သရုပ်ဖော်ရာ၌ ဇာတ်ဆောင်၏ စရိုက်သဘာဝနှင့်လည်းကောင်း၊ ဇာတ်လမ်း၏ တောင်း ဆိုချက်နှင့်လည်းကောင်း ကိုက်ညီရန် ကကြိုးကို ဖန်တီး ရသကဲ့သို့ ဇာတ်လမ်းဇာတ်ကွက် သဘောအရ ဇာတ် ဆောင်များ၏ သရုပ်ဖော်မှုနှင့် နေရာယူမှုကို ကကွက်ဖြင့် ဖန်တီးယူရသည်။ ဤသို့ဖြင့် အကလှုပ်ရှားမှုများကို စေ့စပ်စွာကြည့်၍ ဇာတ်ဆောင်များ၏ စရိုက်ပေါ်မပေါ် အကဲခတ်နိုင်သည်။
ကဇာတ်တွင် ဇာတ်ဆောင်များ၏ သဘာဝစရိုက်ကို ပေါ်လွင်အောင် ဖန်တီးရာ၌ အကသည် လွန်စွာအရေးကြီး သကဲ့သို့ တေးဂီတသည်လည်း လွန်စွာမှ အရေးပါသည်။ ဇာတ်ဆောင်တို့၏ သဘာဝစရိုက်နှင့် ဇာတ်လမ်း၏ ဆိုလိုချက်အဓိပ္ပာယ်တို့ကို ပေါ်လွင်အောင် တေးဂီတကို အထူးဂရုပြု ဖွဲ့နွဲ့တီးမှုတ်ရသည်။ ဇာတ်ဆောင်တို့၏ သဘာဝပုံစံများ ထင်ရှားစွာ ပေါ်လွင်စေ၍ အကလှုပ်ရှား မှုနှင့် လိုက်လျောအံဝင်ခွင်ကျဖြစ်စေရမည့်အပြင် ကြည့်ရှု ၍ လှပတင့်တယ်ကာ နောက်ခံပန်းချီအရောင်နှင့် ဟပ်မိ ပေါ်လွင်စေရမည် ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာ အမျိုး သား ဟန်ဖြင့် ခေတ်မီတီထွင် ဖန်တီးထားသော အဝတ် အစားများကိုလည်း ဝတ်စားဆင်ယင်ရန် လိုအပ်သည်။
ကဇာတ်ရုံမှာ ပရိသတ်အား တိုက်ရိုက် တင်ဆက်ပြ သည့် အဆောက်အအုံဖြစ်ပြီး ကဇာတ်ရုံ တင်ဆက်မှု များတွင် ဆပ်ကပ်မှအစပြု၍ ပြဇာတ်များအထိ ပါဝင် သည်။ ကဇာတ်ရုံတစ်ရုံတွင် ပွဲကြည့်စင်၊ ဇာတ်ခုံစင်မြင့် နှင့် ဇာတ်စင်နောက်ဘက် အခန်းများဟူ၍ အဓိက အစိတ် အပိုင်း သုံးခုပါရှိသည်။
ပွဲကြည့်စင်တွင် အထပ်လိုက် အခန်းငယ်များ၊ ဧည့် ခန်း၊ ဝင်ပေါက်၊ ထွက်ပေါက်၊ နားနေဆောင်၊ ပြခန်း စသည်ဖြင့် အစုံအလင်ပါရှိပြီး တင်ဆက်မှုကို ပရိသတ် အားလုံး မြင်နိုင်၊ ကြားနိုင်ရန် စီစဉ်ထားသည်။ မျက် မှောက်ခေတ် ကဇာတ်ရုံများတွင် ဇာတ်ခုံစင်မြင့် လေးမျိုး ရှိသည်။ ရှေ့ဘက်မှသာ ကြည့်နိုင်သောစင်၊ ရှေ့ဘက်နှင့် ဝဲယာနှစ်ဖက်မှ ကြည့်နိုင်သောစင်၊ လေးဘက်လေးတန်မှ ကြည့်နိုင်သောစင်နှင့် အနေအထားမျိုးစုံ ပြောင်းလဲနိုင် သည့်စင်တို့ ဖြစ်သည်။ ဇာတ်စင်နောက်ဘက် အခန်းများ တွင် အဝတ်အစားလဲခန်း၊ အစမ်းလေ့ကျင့်ခန်း၊ အဝတ် အစားနှင့် ပစ္စည်းများထားသိုခန်း၊ အလင်းနှင့် အသံ ကိရိယာခန်း စသည်ဖြင့် စုံလင်စွာပါရှိသည်။
ကဇာတ်ရုံ တင်ဆက်မှုတစ်ခုအတွက် ထုတ်လုပ်ရေး မှူးမှာ အဓိက တာဝန်ရှိသူဖြစ်သည်။ ထုတ်လုပ်ရေးမှူး သည် ဇာတ်ညွှန်းရှာဖွေခြင်း၊ ကဇာတ်တင်ဆက်မှုတစ်ခု ပြင်ဆင်ခြင်း၊ စင်ပေါ် တိုက်ရိုက်တင်ဆက်မည့် အနုပညာ ရှင်များအား စုစည်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ငွေကြေး သုံးစွဲမှု မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ရသည်။ ဒါရိုက်တာမှာ ကဇာတ်တင်ဆက်မှုတစ်ခု၏ အနုပညာ
မြောက်မှုအတွက် တာဝန်ရှိသည်။ ဒါရိုက်တာ၏ အဓိက လုပ်ငန်းများမှာ ဇာတ်ညွှန်းအား အဓိပ္ပာယ်ဖော်ကာ ကဇာတ်တင်ဆက်မှုအတွက် ပုံဖော်ခြင်း၊ ဇာတ်ညွှန်း ဆရာ၊ ကျွမ်းကျင်သူများ၊ ဒီဇိုင်နာ၊ မီးနှင့်အသံပညာရှင်များ စသည်တို့နှင့်ပေါင်းစပ်၍ အလုပ်လုပ်ခြင်း၊ အစမ်း လေ့ ကျင့်မှုများအား ကြီးကြပ်ခြင်း၊ အပြီးသတ် ထုတ်လုပ်မှု အတွက် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။