ကဆုန်လ။ ။ ကဆုန်လ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာများတွင် ကုဆုန်ဟု အရေးအသုံး များခဲ့သည်။
ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည် မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျားသည်ဟု ယူဆရ သည်။ ကု၊ က၏ အနက်သည် ရေဖြစ်၍ ဆုန်၏အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟု ကောက်ယူသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျသည်ကို ထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့်အခါမှ စ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းအလေ့လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်ဟု ယူဆရသည်။
တန်ခူး၊ ကဆုန်စသော တစ်ဆယ့်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်ဟူ၍ ခြောက်မျိုးသောအခေါ်တို့မှာ သာသနာ ရေး ကိုးကွယ်ယုံကြည်ရေးနှင့် သက်ဆိုင်သည်။ ဤ ကဆုန်လရာသီတွင် နေရှိန်ပြင်း၍ ရေများ ခန်းခြောက် လေ့ ရှိသောကြောင့် သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့ ကုန်သည်။ မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည် မှတ်၍ ညောင်ပင်များ ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိဘဲ ရှင်သန်သကဲ့သို့ ဘုရားရှင်၏သာသနာတော်လည်း ရှင် သန်စေရန် ရည်စူးပြီး ဗောဓိပင်အပွားတော်များကို ရေစင် သွန်းလောင်းခြင်းများ တပျော်တပါး ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ကျင်းပသော ပွဲတော်အခါကြီးကို ကဆုန်
ညောင်ရေသွန်းပွဲတော်ဟု ခေါ်ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင်၊ ရေကန်တို့မှ ငါးများကို ရေ များရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယ လ ဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် ပြန်တမ်းဝင်ရုံးပိတ်ရက် ဖြစ်သည်။ ထိုနေ့၏ ထူးခြားချက်များမှာ–
(၁) ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ်ဧကန် ဖြစ် လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူ ခြင်း၊
(၂) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားအား ဖွားမြင်တော်မူခြင်း၊
(၃) မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်း တော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော် မူခြင်း၊
(၄) မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ် သည်။
ထိုကဲ့သို့ ဘုရားရှင်၏ ဖြစ်တော်စဉ်တွင် ထူးခြား မှတ်သားထိုက်သော ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို့က အထွတ်အမြတ်ထားကြလျက် ဂေါတမ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော် ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုကြသည်။ (ဗောဓိပင် - လည်းရှု။)
ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှား ပြတ်လပ်၍ ညှိုးနွမ်းနေသောဗောဓိပင်ကို လန်းဆန်း စိုပြည်စေရန်ဖြစ်သည်။ ထိုအလေ့အထသည် ဗုဒ္ဓ သာသနာဝင်တို့တွင် ပျောက်ကွယ်သွားခြင်း မရှိဘဲ ယခု ထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေ သွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။