ကစော်ဖောက်ခြင်း။ ။ သကြားမှ အယ်လ်ကိုဟော (အရက်) ဖြစ်လာခြင်း၊ အယ်လ်ကိုဟောမှ တစ်ဖန် ရှလကာရည် (ပုန်းရည်)ဖြစ်လာခြင်း၊ သစ်သီးများ အမှည့် လွန် ပုပ်သိုးသွားခြင်း၊ ပေါင်မုန့်များ ပွလာခြင်း၊ နွားနို့ ချဉ် သွားခြင်း စသော ပြောင်းလဲခြင်းမျိုးကို ကစော်ဖောက်ခြင်း ဟုခေါ်သည်။ စပျစ်သီး၊ ပန်းသီးစသော အသီးများမှရသော သကြား၊ ကောက်နှံများမှ ရသော သကြားများထဲသို့ တဆေး ထည့်လိုက်သောအခါ ကစော် ပေါက်လာ၍ အယ်လ်ကိုဟောနှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို ရ သည်။ သို့သော် တဆေးကြောင့် တိုက်ရိုက်အားဖြင့် ဤ သို့ပြောင်း၍ အယ်လ်ကိုဟော ဖြစ်လာသည် မဟုတ်။ တဆေးမှ ဖြစ်ပေါ်လာသော အင်ဇိုင်းကြောင့် သကြားနှင့် တကွ အခြားပစ္စည်းများသည် မူလအခြေမှပျက်ပြားကာ ပစ္စည်းသစ်အဖြစ်သို့ ပြောင်းလဲသွားရသည်။ တဆေးမှာ စေး၍အမြှုပ်တက်နေသော ပစ္စည်းဖြစ်သည်။ အရောင်မှာ အနည်းငယ်ဝါ၍ ဘက်တီးရီးယားများ ပါဝင်သည်။ တဆေးကို အရက်ချက်၊ ကစော်ဖောက်၊ အချဉ်ဖောက်ရာ တို့၌ များစွာအသုံးပြုသည်။
နို့ချဉ်၊ ထောပတ်၊ ဒိန်ခဲစသော ပစ္စည်းများ ဖြစ်လာ ခြင်း၏ အကြောင်းရင်းမှာ အပင်လောကဆိုင်ရာပစ္စည်း များတွင် အရင်းခံသော ဘက်တီးရီးယားမျိုးအချို့မှ ဖြစ် ပေါ်လာသည့် အင်ဇိုင်းက နို့ကို အခြေအနေ ပြောင်းလဲ သွားစေခြင်းပင် ဖြစ်သည်။
လူ၏ခန္ဓာကိုယ်တွင်း၌လည်း ဓာတ်သဘာဝအားဖြင့် အင်ဇိုင်းများဖြစ်လာ၍ ထိုအင်ဇိုင်းများက လူတို့ စားလိုက် သော အစားအစာများကို ကြေညက်စေသည်။ (တဆေး၊ ဘက်တီးရီးယား၊ အယ်လ်ကိုဟော - ရှု။)