ကစားစရာများ။ ။ ကစားစရာများသည် လူမျိုးတစ်မျိုး နှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲကောင်းကွဲလွဲ မည်ဖြစ်သော်လည်း ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့ သည်။ သို့ရာတွင် ခေတ်အမျိုးမျိုး ပြောင်းလဲခဲ့သည့်အတိုင်း ကလေးကစားစရာများသည်လည်း ခေတ်အလိုက် အမျိုး မျိုး တိုးတက်ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် စက်မှု နှင့် သိပ္ပံပညာ ထွန်းကားလာသည့်အခါမှစ၍ ကလေး ကစားစရာများ၏ အဆင့်အတန်းမှာ တိုးတက်လာခဲ့ သည်။ ရှေးခေတ်လူတို့သည် ရွှံ့နှင့်ပြုလုပ်သော မြင်းရုပ်၊ နွားရုပ်များ၊ ဝါးပင်၊ ကျူပင်မှပြုလုပ်သော ပလွေကလေး များဖြင့် မိမိတို့သားသမီးများ၏ စိတ်ပျော်ရွှင်မှုကို ဖန်တီး ပေးခဲ့ကြ၏။ အဝတ်စုတ်များ၊ သစ်တိုဝါးစများနှင့် ပြုလုပ် သော ကစားစရာများဖြင့်လည်း သားသမီးငယ်များကို နှစ်သိမ့်စေခဲ့ကြသည်။
ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ရှေးနှစ်ပေါင်း များစွာကစ၍ ကလေးကစားစရာများကို ကမ္ဘာအနှံ့အပြား သို့ တင်ပို့ရောင်းချခဲ့ကြသည်။ ကော်ရုပ်ကလေးများ၊ မော် တော်ကား၊ မီးရထားနှင့် စက်ဘီးစသည်တို့သည် ခေတ် စားသော အရုပ်ကလေးများဖြစ်သည်။ ကလေးများ တက် စီးနိုင်သော လှုပ်မြင်းရုပ်များ၊ နှစ်ယောက်စီး ချားရဟတ် များကို ကမ္ဘာအရပ်ရပ်ရှိ မည်သည့်ကလေးမျှ မနှစ်သက် ဘဲ မနေနိုင်ပေ။ ဂျပန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံကလည်း စက္ကူ၊ ဝါး၊ ထင်းရှူးသား၊ ကြွေ၊ ရွှံ့၊ ကျွဲကော်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ကစားစရာမျိုးစုံကို ကမ္ဘာအနှံ့အပြား သို့ တင်ပို့ရောင်းချသည်။
ကစားစရာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်း ဖြစ် သည့်အတိုင်း ကစားစရာပြုလုပ်သောသူတို့သည် မိမိတို့ ၏ကုန်ကို တွင်ကျယ်စွာ ရောင်းချနိုင်ရန်အတွက် ကစား စရာများကို ပိုမိုကောင်းမွန်အောင် တီထွင်နိုင်ရန် အမြဲ ကြိုးစားခဲ့ကြသည်။
ယခုအခါ သိပ္ပံပညာနှင့်ယှဉ်သော စက်တပ်ကစားစရာ အဆန်းအပြားများ ပေါ်ပေါက်လာပြီ ဖြစ် သည်။ ရေထဲတွင် ခုတ်မောင်းနိုင်သော သင်္ဘောရုပ်ကလေးများ၊ သံပတ်ဖြင့်သွားသော မော်တော်ကားရုပ်ကလေးများ၊ သံလမ်းပေါ်တွင် ပတ်ပြေးသော မီးရထားကလေးများ၊ လေထဲတွင် ပျံဝဲနိုင်သော လေယာဉ်ပျံရုပ် ကလေးများမှာ ကလေးသူငယ်များသာမက လူကြီးများ ပင် နှစ်ခြိုက် သဘောကျစရာဖြစ်သည်။ ယခုအခါတွင် သိပ္ပံပညာကို အခြေခံ၍ လျှပ်စစ်လှိုင်းကို အသုံးပြုကာ အဝေးထိန်းကိရိယာဖြင့် ရွေ့နိုင်၊ ရပ်နိုင်သော ကစားစရာ အရုပ်များကိုပင် ကလေးများအတွက် ကစားစရာအဖြစ် အသုံးပြုနေပြီဖြစ်သည်။
ကလေးကစားစရာအမျိုးမျိုးရှိရာတွင် အချို့မှာ လှုပ် ရှားနိုင်ခြင်းမရှိသော အရုပ်သေများသာ ဖြစ်သည်။ အချို့ မှာ လှုပ်ရှားနိုင်၊ ခုတ်မောင်းနိုင်သော အရုပ်ရှင်များ ဖြစ် သည်။ အချို့မှာမူ ကလေးများ စိတ်ကူးဉာဏ် ထက်သန် တိုးတက်ရေးအတွက် ဖန်တီးထားပြီး ကလေးများ ကိုယ် တိုင် တပ်ဆင်ပြုလုပ်ရသော ကစားစရာများ ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ကလေးကစားစရာ ပြုလုပ် ရောင်းချသူများ ရှိသည်။ ဖိုးဝရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ မင်းသားရုပ်၊ မင်းသမီးရုပ်၊ မြင်းရုပ်၊ ကျားရုပ်များနှင့် ကြိုးတပ်ထားသော ရုပ်သေးရုပ်များမှာ ယနေ့တိုင်အောင် ပင် မရိုးနိုင်သေးချေ။ အဝတ်စ၊ စက္ကူစတို့ဖြင့် ပြုလုပ်ထား သော ဘီလူးခေါင်း၊ ကျားခေါင်း စသည်များလည်းရှိသည်။ အရုပ်မျိုးစုံကို များသောအားဖြင့် ဘုရားတန်ဆောင်းရှိ ဆိုင်များနှင့် ပွဲဈေးတန်းများ၌ ရောင်းချလေ့ရှိကြသည်။ ယခုခေတ်တွင်မူ ကစားစရာများကို ဆိုင်များဖွင့်လှစ်၍ပင် ရောင်းချနေကြပြီ။ ထိုဆိုင်များတွင် ကစားစရာများ အမျိုး စုံလှသည့်ပြင် ရှေးခေတ်ကစားစရာများထက် များစွာ အဆင့်အတန်းမြင့်လာသည်ကိုလည်း တွေ့ရသည်။ ထိုကဲ့ သို့ ကစားစရာများ၏ အဆင့်အတန်း တိုးတက်လာပြီ မှန် သော်လည်း နိုင်ငံခြားထုတ်ကုန် အဖြစ်သို့ကား မရောက် သေးပေ။
ကစားစရာလုပ်ငန်းတွင် များသောအားဖြင့် အလုပ်ရုံ များမှ ပိုလျှံကြွင်းကျန်နေသော ပစ္စည်းအစအနများကို သုံးကြသည်။ သစ်တိုသစ်စအတွက် သစ်ခွဲရုံနှင့် သစ်စက် များမှ လည်းကောင်း၊ အဝတ်စများအတွက် အထည်ချုပ် စက်ရုံများမှလည်းကောင်း အမြောက်အမြား ဝယ်ယူရ သည်။ ကစားစရာလုပ်ငန်းသည် အနာဂတ်ကာလတွင် ယခုထက် အဆပေါင်းများစွာ ပိုမိုတိုးတက်ထုတ်လုပ်လာ ဦးမည် ဖြစ်သည်။