ကစားခြင်း၏ အရေးကြီးပုံ ။ ။ ကလေးများ ပညာသင် ကြားရေး၌ ကစားခြင်းသည် စာသင်ကြားပေးခြင်းနှင့် ထပ်တူထပ်မျှ အရေးကြီးသည်။ ကစားခြင်းအားဖြင့် ကလေးတို့၌ ကာယဗလသာမက ဉာဏဗလပါ ဖွံ့ဖြိုး တိုးတက်နိုင်သည်။ (ကင်ဒါဂါတင်-ရှု။) လူတို့၏ နဂိုစိတ် သည် ကလေးအရွယ်၌ ကစားရန်သာ စိတ်အားထက်သန် ၏။ ကလေးများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ ရှိသော အင်အားများသည် လိုသည်ထက်ပိုနေသဖြင့် ထိုအားပို များကို အသုံးချရန် ကစားပေးရသည်ဟု ဆိုသည်။ မကစားသောကလေးသည် ကျန်းမာရေး၌လည်းကောင်း၊ ဉာဏ်ပညာဖွံ့ဖြိုးရေး၌လည်းကောင်း ချို့တဲ့တတ်သည်။ ကစားရမည့်အရွယ်တွင် ကစားပေးမှသာ အရာရာ တိုးတက်နိုင်မည် ဖြစ်သည်။
ကလေးစိတ်နှင့် တိရစ္ဆာန်တို့စိတ်
ကလေးသူငယ်များကို အကျိုးဖြစ်ထွန်း စေမည့် ကိုယ်လက်လှုပ်ရှား ကစားခြင်း၌ ဝါသနာပါအောင် သွန်သင်ပေးရန် အထူးလိုအပ်သည်။ စိတ်ပညာရှင်များ သည် ကလေးတို့၏စိတ်ကို မစုံစမ်းမီ တိရစ္ဆာန်ကလေးများ ၏ စိတ်ကို ဦးစွာလေ့လာကြည့်ရာ ကလေးများပြုမူပုံနှင့် တိရစ္ဆာန်များပြုမူပုံသည် မခြားနားလှကြောင်းကို တွေ့ရ ၏။ တိရစ္ဆာန်ငယ်ကလေးများသည်လည်း ကလေးများ နည်းတူ ကစားရန်သာ စိတ်သန်ကြ၏။ သဘာဝကပင် ကလေးများအဖို့ ကစားရမည့် အခြေအနေမျိုးကို ဖန်တီး ထားရာ ကလေးတိုင်း ကစားသင့်ပေသည်။
ထိုသို့ကစားရခြင်းမှာ နောင် လူကြီးဖြစ်လာသော အခါ လူမှုကိစ္စလုပ်ငန်းအဝ၀တို့၌ ကျွမ်းကျင်လိမ္မာလာ စေရန် ဖြစ်သည်ဟု ဆိုနိုင်သည်။ တိရစ္ဆာန်ကလေးများကို ကြည့်မည်ဆိုလျှင် ကြောင်ကလေးသည် သိုးမွေးလုံးကို တို့ကာမြှောက်ကာ ကစားနေခြင်းသည် နောင် သူ ကြီး ပြင်းလာသောအခါ သူ့အစာဖြစ်သော ကြွက်ကို မည်ကဲ့သို့ ဖမ်းယူကာ ကျီစယ်ကစားရမည်ကို ယခုကပင် သင်နေ သကဲ့သို့ ဖြစ်၏။ ခွေးငယ်ကလေးများ တစ်ကောင်ပေါ် တစ်ကောင်ထပ်၍ သတ်ပုတ်တမ်း၊ လိုက်တမ်းပြေးတမ်း ကစားခြင်းသည် နောင် ကြီးပြင်းလာ၍ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံရှောင်တိမ်းတတ်အောင် လေ့ကျင့်နေသည်နှင့်တူသည်။ လူ့သဘာဝတွင်လည်း မိန်းကလေး များသည် အိုးပုတ်ကလေးများဖြင့် ထမင်းဟင်းချက်တမ်း၊ အရုပ်ကလေးများဖြင့် ကလေးထိန်းတမ်း စသော အမျိုး သမီးနှင့်ဆိုင်သည့် ကစားနည်းများကို ကစားလေ့ရှိ၏။ ယောက်ျားကလေးများကလည်း သစ်ပင်တက်တမ်း၊ ကစားစရာ သေနတ်၊ တုတ်၊ ဓားများကိုင်၍ စစ်တိုက်တမ်း၊ နပန်းလုံးတမ်း စသည်ဖြင့် ကစားတတ်ကြ၏။ ဤသို့ ကစားခြင်းမှာ တစ်နည်းအားဖြင့် နောင်ရေးအတွက် လေ့ကျင့်ခြင်း ဖြစ်သည်ဟု ဆိုရမည်။ ငယ်ရွယ်စဉ်တွင် လူကြီးများ ပြုမူလုပ်ကိုင်သည်တို့ကို အတုယူကာ အမျိုးမျိုးအဖုံဖုံ ကစားခြင်းဖြင့် သူတို့၌ ဉာဏ်ပွင့်လင်း ခြင်း၊ မြော်မြင်တတ်ခြင်း၊ စိတ်ဓာတ်ပိုမိုခိုင်မာလာခြင်း စသော အကျိုးထူးများ ရနိုင်သည်။
စိတ်ပျိုမှ ကိုယ်နု
ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှသာ စိတ်ဓာတ်သည် ကြည်လင်ရွှင်လန်းနိုင်၏။ ကိုယ်နှင့်စိတ်သည် ဒွန်တွဲနေ သောကြောင့် ကိုယ်လက်လှုပ်ရှားမှ တစ်ကိုယ်လုံးရှိ သွေးသားများ ကောင်းစွာ လှည့်ပတ်သွားလာနိုင်ပြီးလျှင် ဦးနှောက်သည် အလုပ်လုပ်နိုင်ပေမည်။ ထို့ကြောင့် ကစား ခြင်းသည် ဦးနှောက် အလုပ်ကောင်းကောင်း လုပ်နိုင်ရန် အတွက် အထူး လိုအပ်သဖြင့် ပညာသင်ကြားရေး၌ ကစားခြင်းကိုပါ ထည့်သွင်းထားသည်။ ကစားခြင်းကိုမှီး၍ ပညာသင်ပေးခြင်းသည် လုပ်ရမည့်အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် မြန်မြန်ဆန်ဆန်ပြီးအောင် ပြုလုပ်ပေးခြင်း သာဖြစ်သည်။ ရှေးခေတ်က ကလေးများကို လွတ်လပ်စွာ ကစားခိုင်းထားခြင်းဖြင့် ပညာတတ်မည်မဟုတ်ဟု ထင်ခဲ့ ကြ၏။ ရှေးလူကြီးများက ကလေးတို့သည် အိုးခွက်များနှင့် ပမာတူ၍ 'စရည်းအိုးခွက်၊ ကြီးစွာလျက်လည်း၊ စဉ်ဆက် ကျများ၊ ပြည့်သောလားသို့' ဟူသောစကားအရ နေ့စဉ်နှင့် အမျှ သူတို့ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဗဟု သုတပေးရမည်။ သို့မှသာ ပညာရေအိုး ပြည့်ဖြိုးလာမည် ဧကန်ဖြစ်သည်။ ကလေးတို့ကို တံဖျာနှင့်နှက်မှ ဉာဏ် ပညာထွက်မည်ဟု ယုံကြည်ခဲ့ကြ၏။ ဤသို့ဖြင့် ကလေး များအပေါ်တွင် စာကျက်လျှင် ကျက်၊ မကျက်လျှင် နှက်မည်ဟူသော အဓမ္မစနစ်သည် ရှေးက ကြီးစိုးခဲ့လေ သည်။ နောက်မှ ကလေးများ၏ စိတ်ဓာတ်အခြေအနေ တို့ကို စူးစမ်းလေ့လာခဲ့သည့် ပညာရေးဆိုင်ရာ ပြုပြင်ရေး သမားများဖြစ်သော ဖရိုင်းဘာ့ဂ်နှင့် မွန်တက်ဆိုးရီးတို့၏ ဟောပြောချက်များကြောင့် ကလေးများ၏ စိတ်ဓာတ်ကို ပိုမိုနားလည်လာသဖြင့် အကြင်နာဖက်ကာ အကြမ်း ဝါဒများကို ပယ်ဖျောက်ပြီးလျှင် ကလေး၏စိတ်ဓာတ်နှင့် ညှိနှိုင်း၍ နှစ်ခြိုက်ရာကို ဖန်တီးပေးခြင်းအားဖြင့် ပညာ ခရီး ပိုမို တွင်ကျယ်မည်ဖြစ်ကြောင်းကို သဘောပိုက်မိကြလေသည်။(ဖရိုင်းဘာ့ဂ်၊ မွန်တက်ဆိုးရီး - လည်းရှု။)
ဤသို့ဖြင့် ကလေးစိတ်တိုင်းကျ ကစားခြင်းနှင့်ယှဉ် သော ပညာသင်နည်းကို စထွင်ခဲ့ကြ၏။ ပညာရေး၌ ကစားခြင်းသည် အလွန်အသုံးကျ၊ အရေးကြီးကြောင်းကို ခေတ်မီ ပညာရှင်များကပင် ဝန်ခံကြသည်။ ကလေး၊ လူ ကြီး အားလုံး အားကစားနှင့် အလုပ် တစ်သဘောတည်း ကျသောအခါ အားသန်၍ စိတ်ပါလက်ပါ ပြုလုပ် ဆောင် ရွက်တတ်ကြသည်။ နှစ်ခြိုက်ရာအလုပ်ကို လုပ်နေရလျှင် ပျော်ပိုက်လာ၍ ကလေးတို့၏ စိတ်ကူးဉာဏ်ကောင်းများ လည်း ဆတက်ထမ်းပိုး တိုးတက်လာမည်ဖြစ်သည်။ စိတ် ပါ ဝင်စားသောကြောင့် အလုပ်တွင် အာရုံစူးစိုက်နိုင်ပြီး လျှင် ကြံရည်ဖန်ရည်များ ထုတ်ကာ ကြီးပွားတိုးတက်ရာ လမ်းကို စထွင်နိုင်သည်။ ထို့ကြောင့် ကလေးများကို သူတို့ စိတ်အဝင်စားဆုံးဖြစ်သည့် ကစားခြင်းဖြင့်သာ ပညာသင် ပေးလျှင် အလွန်ပင်သင့်လျော်သည်။ ဤသို့ စိတ်ပါမှုကို ဖန်တီးပေးနိုင်သည့် အချက်များမှာ ကလေးများ လုပ်ရ မည့် အလုပ်သည်လည်းကောင်း၊ လုပ်နည်းသည် လည်း ကောင်း ကလေးတို့၏ စိတ်ဓာတ်နှင့် ကိုက်ညီစေခြင်း၊ ကလေးတို့၏ဘဝနှင့် ရင်းနှီးစေခြင်း၊ ရည်ရွယ်ချက်ရှိခြင်း၊ အဓိပ္ပာယ်ရှိခြင်းတို့ ဖြစ်သည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရ၏ မြို့တော်စည်ပင် သာယာရေး ကော်မတီများ၊ စည်ပင်သာယာရေးဌာနများ နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနတို့က ဦးဆောင်၍ နေရာအသီးသီး၌ ကလေးကစားကွင်းများကို ပန်းဥယျာဉ်များနှင့် တွဲဖက်၍ လည်းကောင်း၊ သီးခြားအနေဖြင့်လည်းကောင်း ပြုလုပ် ပေးကာ ကလေးများ ကစားစေခြင်းကို အားပေးလျက် ရှိသည်။ ထို့ပြင် ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြား များကိုပင် လမ်းသန့်ရှင်းရေး၊ လူတို့ကျန်းမာရေးနှင့် ယှဉ် တွဲ၍ သန့်ရှင်းစေပြီး ကလေးများကစားရန် နေရာများ ကိုပါ ဖန်တီးပေးနေပြီဖြစ်သည်။ နေအိမ်တိုက်နံရံများတွင် ကလေးများ စိတ်ကြည်နူးပျော်ရွှင်စေမည့် ကာတွန်းရုပ် များ ရေးဆွဲ၍လည်း ဖန်တီးပေးကြသည်။
ပုဂ္ဂလိက စီးပွားရေးသမားများကလည်း အခပေး ကလေးကစားကွင်း၊ ကစားရန် နေရာများ ပြုလုပ်၍ ခေတ်ပေါ် ကစားနည်းများကို ဖော်ဆောင်ကာ ကလေး များကစားခြင်းကို အားပေးလျက်ရှိသည်။
(မြန်မာကလေး ကစားနည်းများ၊ အင်္ဂလိပ်ကလေး ကစား နည်းများ - ရှု။)