Myanmar Encyclopedia

ကချင်ပြည်နယ် ။ ။ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသော ပြည်နယ်ဖြစ် သည်။ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ် နိမိတ်ထိစပ်နေသည်။ ပြည်နယ်၏ အကျယ်အဝန်းမှာ ၈၈၀ဝ၀ စတုရန်းကီလိုမီတာ (၃၄၃၇၉ စတုရန်းမိုင်) ရှိပြီး သစ်တောထူထပ်သော ကုန်းမြင့်ဒေသကြီးများနှင့် မြေ ပြန့်ရပ်ဝန်းအချို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ အဓိက မြစ် ကြီးဖြစ်သည့် ဧရာဝတီသည် ကချင်ပြည်နယ်ထဲတွင် မြစ် ဖျားခံသည်။ ကချင်ပြည်နယ် မြောက်ဖျားတွင် နှစ်နေရာ ခွဲပြီး မြစ်ဖျားခံသော မေခနှင့်မလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနား၏ အထက်ဘက်တွင် ပေါင်းဆုံပြီး ထိုမြစ်ဆုံမှ စတင်၍ ဧရာဝတီမြစ်အဖြစ် ဆက်လက် စီးဆင်းသည်။

ပြည်နယ်၏ အနောက်ဘက်ပိုင်းသည် ချင်းတွင်းမြစ် ၏ မြစ်ဖျားဖြစ်သော တနိုင်းခမြစ်၏ မြစ်ဝှမ်းဒေသ ဖြစ် သည်။ ကချင်ပြည်နယ်၏ တောင်ကုန်းတောင်တန်းများ သည် ဟိမဝန္တာတောင်တန်းကြီး၏ အဆွယ်ရပ်ဝန်းဖြစ် သဖြင့် ပြည်နယ်၏ မြောက်ဘက်အစွန်းပိုင်းတွင် တစ်နှစ် လျှင် လေးလမှခြောက်လ ဆီးနှင်းဖုံးအုပ်သော တောင် ထွတ် တောင်ဆင်ခြေလျှောများရှိသည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်သော ခါကာဘိုရာဇီ(၅၈၈၅ မီတာ/ ၁၉၂၉၆ ပေ)နှင့် ဂန်လန်ရာဇီ (၅၈၃၈ မီတာ/ ၁၉၁၄၂ ပေ) တောင် ထိပ်များသည် ကချင်ပြည်နယ်၏ မြောက်ဘက်အစွန်း မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် နီးကပ်သောနေရာများတွင် တည်ရှိသည်။

ချင်းတွင်းမြစ်၏ မြစ်ဖျားဒေသဖြစ်သော ဟူးကောင်း တောင်ကြားနှင့် တနိုင်းခမြစ်ဝှမ်း၊ ချင်းတွင်းမြစ် လက် တက် ဥရုချောင်းဖျားဒေသများသည် မြေပြန့်ဖြစ်ပြီး မလိခ မြစ်ဖျားခံသော ပူတာအိုဒေသသည်လည်း မြေပြန့် လွင်ပြင်ဖြစ်သည်။ မြစ်ကြီးနားမှ တောင်ဘက်ပြည်နယ် အဆုံးအထိ ဧရာဝတီမြစ်ကြောင်းဝဲယာနှင့် မြစ်ငယ် ချောင်းငယ်ကြောများ တစ်လျှောက်မှာ မြေပြန့်နှင့်တောင် ကုန်း၊ လျှိုမြောင် ရောနေသောအရပ်များဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးရေအိုင်ဖြစ်သော အလျား ၂၃ ကီလိုမီတာ (၁၄ မိုင်)ခန့်နှင့် အနံ ၁၁ ကီလိုမီတာ (၇ မိုင်) ခန့်ကျယ်သည့် အင်းတော်ကြီး ရေအိုင်သည် ပြည် နယ်၏ တောင်ပိုင်းလွင်ပြင်ဒေသတွင် တည်ရှိသည်။

ကချင်ပြည်နယ် မြေပုံ

ကချင်ပြည်နယ်သည် မုတ်သုံရပ်ဝန်းတွင် ပါဝင်ပြီး တောတောင်ထူထပ်သဖြင့် မိုးများသောဒေသဖြစ်သည်။ အရပ်ဒေသအများစုမှာ အပူချိန် သမမျှတသည်။ မြင့်သော မြောက်ပိုင်းကုန်းမြင့်ဒေသများမှာ ဆောင်းတွင်း၌ အအေး လွန်ကဲပြီး အပူချိန်ရေခဲမှတ်အောက်အထိ ကျဆင်းနေ လေ့ ရှိသည်။ ဟိမဝန္တာ ဆီးနှင်းပြင်ကို ဖြတ်ကျော်လာသော မြောက်လေအေးကြောင့်လည်း ပြည်နယ်တစ်ခွင်လုံးတွင် အပူချိန်မှာ သမမျှတသည်မှ အအေးကဲသည်အထိ ပြောင်းလဲတတ်သည်။ နွေရာသီ၌ ဟိမဝန္တာတောင်ကြော တွင် ဆီးနှင်းခဲများ အရည်ပျော်ဆင်းသဖြင့် မေခ၊ မလိခ နှင့် ဧရာဝတီမြစ်တို့တွင် မြစ်ရေအနည်းငယ် ပြန်တက်ပြီး ရေအေးများ စီးဆင်းသည်။

ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ် စတင်စီးဆင်းရာ မြစ်ဆုံသဘာဝအလှ

လူမျိုးစုများနှင့် သမိုင်းအကျဉ်း

ကချင်ပြည်နယ်တွင် ဂျိန်ဖော့၊ ရဝမ်၊ လီဆူ၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်ဝါး စသော ကချင်မျိုးနွယ်စုများ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသောရှမ်းမျိုးနွယ်စု များနှင့် မြန်မာတိုင်းရင်းသား မျိုးနွယ်စုများအပြင် အခြား တိုင်းရင်းသား မျိုးနွယ်စု အပါအဝင် ၂၀၂၀ပြည့်နှစ်၊ဧပြီလ ခန့်မှန်းခြေသန်းခေါင်စာရင်းအရ လူဦးရေ ၁ ဒသမ ၉၂ သန်းခန့် နေထိုင်လျက် ရှိသည်။ တရုတ်အနွယ်နှင့် အိန္ဒိယ အနွယ် နိုင်ငံသားများလည်း အတူနေထိုင်လျက်ရှိသည်။

ကချင်လူမျိုးများသည် တိဘက်မြန်မာမျိုးနွယ်ဝင် များ ဖြစ်၍ မြန်မာတို့နှင့် အနွယ်ရင်းမြစ်တူသည်။ ပုဂံ ခေတ်တွင် ကချင်ပြည်နယ်ဒေသသည် ပုဂံမင်းနိုင်ငံ
အတွင်း ပါဝင်ခဲ့သည်။ တာတာတို့ ဝင်ရောက်တိုက်ခိုက် ၍ ပုဂံမင်းဆက် ပျက်သုဉ်းသောအခါ ဤပြည်နယ် ဒေသ တစ်ဝိုက်တွင် မောရှမ်းတို့ ကြီးစိုးခဲ့သည်။ မောရှမ်းတို့၏ အချက်အချာဒေသသည် မိုးကောင်း၊ မိုးညှင်း ဖြစ်၏။ မောရှမ်းတို့သည် ကချင်ပြည်နယ်ဒေသကို ကျော်လွန်ပြီး အနောက်ဘက် အာသံနယ်ထဲအထိ လွှမ်းမိုးနိုင်သည့် အပြင် အရှေ့ဘက် တရုတ်ပြည်တွင်းနှင့် တောင်ဘက် မြန်မာပြည်တွင်းအထိ ဝင်ရောက်တိုက်ခိုက်ပြီး အခိုက် အတန့် စိုးမိုးခဲ့သော ကာလများ ရှိသည်။

၁၆ ရာစုတွင် တောင်ငူကို ဗဟိုပြုသော မြန်မာတို့က နိုင်ငံကို ပြန်လည်စည်းရုံးသောအခါတွင် ကချင်ဒေသ သည် မြန်မာပြည်နှင့် ပြန်လည်ပူးပေါင်းခဲ့သည်။ မြန်မာ နိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် ၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ဗန်းမော်မြို့ကို သိမ်းပိုက်သည်။

ထိုစဉ်က ဗမာ၊ ရှမ်း၊ ကချင်တို့သည် ဗြိတိသျှ အုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရာ ၁၈၉၅ ခုနှစ်အထိ ၁၀ နှစ် ကြာမျှ နှိမ်နင်းခဲ့ရသည်။ ထို့နောက် ကချင်လူမျိုးတို့အား နယ်ခြားဒေသ အုပ်ချုပ်ရေးစနစ်အောက်တွင် ထားခဲ့ သဖြင့် ပြည်မအုပ်ချုပ်ရေးနှင့် ကွဲပြားခဲ့သည်။

ထိုအုပ်ချုပ်ရေးစနစ်တွင် မြန်မာပြည်ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်၍ အထက်တန်း အရာရှိများကို အင်္ဂလန်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာအတွင်းဝန်က ခန့်အပ် သည်။ ကချင်တောင်တန်းဒေသအပါအဝင် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ် ခြားဝန်ထောက်က အုပ်ချုပ်ရသည်။ ကချင်တောင်တန်း လူမျိုးစုများဥပဒေမှာ ယင်းဒေသ ဓလေ့ထုံးစံများပေါ်မှီ၍ ရေးဆွဲထားသော စည်းမျဉ်းများ ဖြစ်သည်။ ၁၈၉၅ ခုနှစ် ကချင်တောင်တန်း လူမျိုးစုများ ဥပဒေစာအုပ်မှာ ထင်ရှား သည်။

ဒုတိယကမ္ဘာစစ်အတွင်း

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ကချင် ပြည်နယ်သည်လည်း မြန်မာတစ်ပြည်လုံးနှင့်အတူ စစ် ဘေးဒဏ်ခံရသည်။ အမေရိကန်ဗိုလ်ချုပ် စတီးဝဲ
ဦးဆောင်သော တရုတ်နှင့် အမေရိကန်စစ်တပ်များအပြင် အင်္ဂလိပ်စစ်တပ်အချို့သည် ကချင်ပြည်နယ်မှတစ်ဆင့် အိန္ဒိယနှင့် တရုတ်ပြည်ဘက်သို့ ဆုတ်ခွာပြီး ဂျပန်က ကချင်ပြည်နယ်၏ နယ်မြေအများစုကို သိမ်းပိုက်သည်။ ၁၉၄၃–၁၉၄၅ ခုနှစ်တွင် ဗြိတိသျှစစ်တပ်မှ ဗိုလ်ချုပ် ဝင်းဂိတ် ဦးဆောင်သော 'ချင်းဒစ်' တပ်က ကချင်ပြည်နယ် တောင်ပိုင်းတွင် ထိုးဖောက် စစ်ဆင်ရေးဆင်နွှဲသည်။ အမေရိကန်နှင့် တရုတ်စစ်တပ်များက လီဒိုမှတစ်ဆင့် မြစ်ကြီးနားအထိ အကြီးအကျယ် ထိုးစစ်ဆင်နွှဲသည်။ အိန္ဒိယနိုင်ငံ၊ လီဒိုမှ မြစ်ကြီးနား ကိုဖြတ်ပြီး တရုတ်နယ်စပ် နမ့်ခမ်းအထိ၊ ထိုမှတစ်ဆင့် တရုတ်ပြည်အတွင်းပိုင်း အထိ လမ်းမကြီးကို စတီးဝဲ၏ အမေရိကန်တပ်က ဖောက်လုပ်သည်။ ရည်ရွယ်ချက်မှာ ထိုလမ်းမကြီးမှ စစ်ရေးအကူအညီပစ္စည်းများ တရုတ်ပြည်သို့ ပေးပို့နိုင်ရန် ဖြစ်သည်။

အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် မဟာမိတ်တပ်က ဂျပန်ကို တိုက်ခိုက်ရာတွင် ကချင်ပြည်နယ်မှ တိုင်းရင်း သားများလည်း ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း အင်္ဂလိပ်နှင့် အမေရိကန် စစ်မှတ်တမ်း စာအုပ်များတွင် ရေးသားထားသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံး၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲဝင် သည့်အချိန်တွင် ပြည်နယ်နှင့် တောင်တန်းဒေသများ လည်း မြန်မာပြည်မနှင့်တွဲလျက် လွတ်လပ်ရေးယူပြီး ပေါင်းစည်းကြရန် ဗိုလ်ချုပ်အောင်ဆန်းက ကချင်ခေါင်း ဆောင်များကိုပါ ထည့်သွင်းစည်းရုံးခဲ့သည်။ တိုင်းရင်း သားခေါင်းဆောင်များ စုံညီသော ပင်လုံညီလာခံမှ စည်းလုံးညီညွတ်ပြီး တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်း ရန် ဆုံးဖြတ်၍ သဘောတူစာချုပ်တွင် ကချင်ခေါင်းဆောင် များလည်း ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

ပင်လုံသဘောတူညီချက်အရ ၁၉၄၇ ခုနှစ်တွင် ရေး ဆွဲသော အခြေခံဥပဒေ အခန်း(၁) အပိုဒ် ၆ တွင် မြစ်ကြီး နားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ထိုပြည် ထောင်စုအဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် 'ကချင်ပြည် နယ်' ဟု ခေါ်ရမည် ဟူ၍ အတိအလင်း ရေးသားဖော်ပြ ထားသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည် နယ်ကို စတင် ဖွဲ့စည်းလိုက်သည်။ ထိုနေ့ကို ကချင်ပြည် နယ်နေ့ဟု သတ်မှတ်သည်။

အုပ်ချုပ်ရေး

၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ကချင်ပြည်နယ် အုပ်ချုပ်ရေးတွင် ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ ကိုယ်စားလှယ် ၁၉ ဦးပါဝင်သော ကချင်ပြည်နယ် ကောင်စီ ရှိသည်။ ကချင်ပြည်နယ်ကောင်စီ၏ ထောက်ခံ ချက်အရ ကချင်အမျိုးသားအမတ်တစ်ဦးကို နိုင်ငံတော် သမ္မတက ကချင်ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်သည်။ ပြည်နယ်ဝန်ကြီးသည် ဝန်ကြီးချုပ်ဦးဆောင်သော မြန်မာ နိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သည့်အပြင် ပြည်နယ် ကောင်စီဥက္ကဋ္ဌလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် အခြေခံဥပဒေအာဏာတည်ပြီး ၁၀ နှစ်အလွန် ၌ အချို့ပြည်နယ်များသည် ပြည်ထောင်စုအတွင်းမှ ခွဲ ထွက်နိုင်ခွင့် ရှိသော်လည်း ကချင်ပြည်နယ်မှာ ထိုကဲ့သို့ ခွဲထွက်နိုင်ခွင့်အာဏာများ ယူထားခြင်း မရှိချေ။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အာဏာ သိမ်းပြီးနောက် ၁၉၄၇ ခုနှစ်အခြေခံဥပဒေကို ရပ်စဲခဲ့ပြီး ကချင်ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ခန့် ထားသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အာဏာတည်သော အခါ တစ်ပါတီစနစ်အရ ရွေးကောက်တင်မြှောက်သော ပြည်နယ်ကောင်စီနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌတို့က အုပ် ချုပ်ရေးကို ဆက်လက် ဦးဆောင်သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပေါ်ပြီး မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ခေတ် ကုန်ဆုံးသောအခါ တပ်မတော် ခေါင်းဆောင်များဖြင့် ဖွဲ့စည်းသော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် ၎င်းကိုဆက်ခံ သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နယက)က ကချင်ပြည်နယ် အုပ်ချုပ်ရေး အကြီးအကဲကို တိုက်ရိုက် ခန့်ထားသည်။

၂၀ဝ၈ ခုနှစ်တွင် ရေးဆွဲအတည်ပြုသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အုပ်ချုပ်ရေးကို ၂၀၁၁ ခုနှစ် တွင် စတင်သောအခါ ကချင်ပြည်နယ် အုပ်ချုပ်ရေးသည် လည်း ထိုဥပဒေနှင့်အညီ ဖြစ်ပေါ်လာသည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင်ပြည်နယ်တွင် ပြည်သူ များက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရနှင့် ပြည်နယ် တရား သူကြီးချုပ်နှင့် တရားသူကြီးများပါဝင်သော ပြည်နယ် တရားလွှတ်တော်တို့က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးသည်။

ကချင်ပြည်နယ် အကြီးအကဲများ

စဉ် အမည် ကာလ
ဆမားဒူဝါ ဆင်ဝါးနောင်* ၁၉၄၈-၁၉၅၃
၁၉၆၀-၁၉၆၂
ဒူဝါဇော်လွန်း ၁၉၅၃-၁၉၅၆
၁၉၅၉-၁၉၆၀
ဒူဝါဇန်ထဇင် ၁၉၅၇-၁၉၅၈
ဒူဝါဇော်ရစ် ၁၉၅၈-၁၉၅၉
ဒူဝါဒိန်ရတန် ၁၉၆၂-၁၉၇၁
ဒူဝါဖော်ယူခါး ၁၉၇၂-၁၉၈၁
ဒူဝါဂျီဘောမ်ယိန်း ၁၉၈၁-၁၉၈၃
ဒူဝါလဘန်လ ၁၉၈၃-၁၉၈၅
ဒူဝါအမ်ဇော်ယော် ၁၉၈၅-၁၉၈၈
၁၀ ဗိုလ်ချုပ်ကျော်ဘ ၁၉၈၈-၁၉၉၂
၁၁ ဗိုလ်ချုပ်စောလွင် ၁၉၉၂-၁၉၉၆
၁၂ ဗိုလ်ချုပ်ကျော်ဝင်း ၁၉၉၆-၂၀ဝ၁
၁၃ ဗိုလ်ချုပ်မောင်မောင်ဆွေ ၂၀ဝ၁-၂၀ဝ၅
၁၄ ဗိုလ်ချုပ်အုန်းမြင့် ၂၀ဝ၅-၂၀ဝ၈
၁၅ ဗိုလ်ချုပ်စိုးဝင်း ၂၀ဝ၈-၂၀၁၀
၁၆ ဗိုလ်ချုပ်ဇေယျာအောင် ၂၀၁၀-၂၀၁၁
၁၇ ဒူဝါလဂျွန်ငန်ဆိုင်း ၂၀၁၁-၂၀၁၆
၁၈ ဒူဝါဒေါက်တာခက်အောင် ၂၀၁၆-

* (ဆမားဒူဝါဆင်ဝါးနောင်သည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော် သမ္မတသစ်အဖြစ် ပြည်သူ့လွှတ်တော်က ရွေးချယ်ခံရသော်လည်း သမ္မတရာထူး မယူမီ ရက် အနည်းငယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာ သိမ်း၍ တော်လှန်ရေးကောင်စီ တက်လာသော ကြောင့် သမ္မတ မဖြစ်ခဲ့ပါ။)

ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် သမ္မတက ခန့်အပ်သည်။ ပြည်နယ် တရားသူကြီးချုပ်ကို လည်း တရားရေးနှင့် ဥပဒေပညာရှင်များထဲမှ ရွေးချယ်ပြီး နိုင်ငံတော်သမ္မတက ခန့်အပ်သည်။

ကချင်ပြည်နယ်ကို ခရိုင်လေးခရိုင်၊ မြို့နယ် ၁၈ မြို့ နယ် ခွဲခြားအုပ်ချုပ်သည်။ ပြည်နယ်၏မြို့တော်မှာ မြစ် ကြီးနားမြို့ ဖြစ်သည်။ မြစ်ကြီးနားနှင့် ဗန်းမော်တို့မှာ အုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေး အချက်အချာများ ဖြစ် သည်။

သယံဇာတနှင့် စီးပွားရေး

ကချင်ပြည်နယ်သည် မြေပေါ်မြေအောက် သယံ ဇာတ ကြွယ်ဝသော ပြည်နယ်ဖြစ်သည်။ တောတောင် လျှိုမြောင်များတွင် ကျွန်းနှင့်အခြားသစ်မျိုးစုံ၊ ဝါးမျိုးစုံ ထူထပ်ပေါများသည်။ သစ်တောထွက်ပစ္စည်းလည်း ပေါ များပြီး အမျိုးစုံသည်။ အထူးသဖြင့် အစွမ်းထက် ဆေး ဖက်ဝင် အပင်ထွက်ပစ္စည်းများ ပေါများသည်။ ဗန်းမော် ခရိုင်မှ ကျွန်းသစ်သည် အခြားဒေသထွက် ကျွန်းသစ်များ ထက် အရည်အသွေးကောင်းသည်ဟု အဆိုရှိသည်။ တိုင်း ရင်းဆေးဝါးအဖြစ် တွင်ကျယ်စွာ သုံးစွဲနေသော နွယ်၊ အမြစ်၊ အဖု၊ ဥ၊ အခေါက်မျိုးစုံ (ခန်းတောက်မြစ်၊ မချစ်ဥ၊ ရှီးပတီး စသည်) ကချင်ပြည်နယ်မှ ထွက်သည်။

ကချင်ပြည်နယ် အုပ်ချုပ်ရေး ဖွဲ့စည်းပုံ

မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင်
၁။ မြစ်ကြီးနားမြို့နယ် ၁။ မိုးညှင်းမြို့နယ်
၂။ ဝိုင်းမော်မြို့နယ် ၂။ မိုးကောင်းမြို့နယ်
၃။ အင်ဂျန်းယန်မြို့နယ် ၃။ ဖားကန့်မြို့နယ်
၄။ တနိုင်းမြို့နယ်
၅။ ချီဖွေမြို့နယ်
၆။ ဆော့လော်မြို့နယ်
ဗန်းမော်ခရိုင် ပူတာအိုခရိုင်
၁။ ဗန်းမော်မြို့နယ် ၁။ ပူတာအိုမြို့နယ်
၂။ ရွှေကူမြို့နယ် ၂။ ဆွမ်ပရာဘွမ်မြို့နယ်
၃။ မိုးမောက်မြို့နယ် ၃။ မချမ်းဘောမြို့နယ်
၄။ မံစီမြို့နယ် ၄။ ခေါင်လန်ဖူးမြို့နယ်
၅။ နောင်မွန်းမြို့နယ်

ကချင်ပြည်နယ်၏ အထင်ရှားဆုံး တွင်းထွက်ပစ္စည်း မှာ ကျောက်စိမ်းဖြစ်သည်။ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းဒေသနှင့် အခြားဒေသများမှ ထွက်သော ကျောက်စိမ်းသည် မြန်မာ့ကျောက်စိမ်းအဖြစ် ကမ္ဘာကျော် သည်။ တရုတ်လူမျိုးများနှင့် အနောက်နိုင်ငံသားများက အလွန်နှစ်သက်သည်။

ကျောက်စိမ်းထုတ်လုပ်မှုက နိုင်ငံတော်၏ စီးပွားရေး ကို ထိရောက်စွာ ဖြည့်ဆည်းပေးနေသည် မှန်သော်လည်း ၂၁ ရာစုထဲသို့ ဝင်လာချိန်တွင် စက်ယန္တရားများသုံးပြီး ကျောက်စိမ်းထုတ်လုပ်မှုမှာ ပမာဏ အလွန်များပြားသည့် အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု အားနည်း သောကြောင့် လူနေမှုပတ်ဝန်းကျင်ကို ထိခိုက်လာနေပြီ ဖြစ်သည်။ ကျောက်စိမ်း တူးဖော်ရာတွင် ယခင်က သာမန် အားဖြင့် ပေ ၂၀ဝ မှ ၃၀ဝ အထိ တူးဖော်ခဲ့သည်။ ယခု နောက်ပိုင်း စက်ယန္တရားကြီးများကို အသုံးပြု၍ ပေ ၅၀ဝ မှ ၁၀ဝ၀ ကျော်အထိ တူးဖော်လျက် ထွက်ရှိလာသည့် အပေါ်ယံမြေများကို ဖယ်ရှားစွန့်ပစ်သည့်အခါ မြင့်မား သော မြေစာပုံကြီးများ ဖြစ်ပေါ်စေသည်။ အဆိုပါ စွန့်ပစ် မြေစာပုံများ မကြာခဏ ပြိုကျသည့်အတွက် ရေ မဆေးကျောက် ရှာဖွေကောက်ယူသူများ မြေပိ၍ သေကြ ရသည်များ ရှိသည်။

မြစ်ချောင်းများနှင့် တောင်စောင်း၊ လျှိုမြောင်များတွင် ရွှေကို တွေ့ရှိရသည်။ ရှေးအခါက မြစ်ချောင်းများတွင် တစ်နိုင်တစ်ပိုင် ရွှေကျင်လုပ်ငန်းလုပ်သူများ ရှိခဲ့သည်။ ယခုမြေထိုးမြေကော်စက်ကြီးများဖြင့် ရွှေပါသော မြေကို တူးထုတ်ပြီး ရွှေကို ခေတ်မီနည်းဖြင့် ထုတ်ယူနေကြသည်။ ဥရုမြစ်၊ တနိုင်းခမြစ်နှင့် ထိုမြစ်များအတွင်း စီးဝင်သော ချောင်းငယ်များတစ်ဝိုက်မှ ရွှေများစွာထွက်သည်။ ရွှေ အပြင် ပလက်တီနမ်၊ နီကယ်၊ တိုက်တေနီယံ အစရှိသော အဖိုးတန်သတ္တုများလည်း နေရာအနှံ့ တွေ့ရသည်ဟု ကြားသိရသော်လည်း ကြီးကြီးမားမားထုတ်လုပ်မှု မရှိ သေးချေ။

ကချင်ပြည်နယ်၏အခြားသော သယံဇာတမှာ စိုက် ပျိုးမြေဖြစ်သည်။ ရာသီဥတု သမမျှတပြီး မိုးရေ အလုံ အလောက် ရသောကြောင့် သီးနှံနှင့် ပန်းမန်ဥယျာဉ်များ စိုက်ပျိုးရန် သင့်တော်သည်။ တစ်နိုင်တစ်ပိုင်ခြံများမှ လိမ္မော်၊ ရှောက်၊ သံပရာ၊ ဆန်းကစ်၊ နာနတ်၊ ပန်းသီး၊ သစ်တော်သီးစသည့် သစ်သီးမျိုးစုံကို ဒေသတွင်း စား သုံးရုံမက ပြည်နယ်ပြင်ပသို့ ထုတ်ရောင်းနိုင်သည်။ ကြံ စိုက်ပျိုးရေး ဖြစ်ထွန်းပြီး သကြားလည်း ထွက်သည်။

လမ်းပန်းဆက်သွယ်ရေး

ကချင်ပြည်နယ်သည် ခရီးလမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ပြည်နယ်ဖြစ်သည်။ မန္တလေး–မြစ်ကြီး နား မီးရထားလမ်းသည် ကချင်ပြည်နယ်နှင့် အခြားပြည် နယ်များကြား ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး အဓိကအားထားရသော လမ်းဖြစ်သည်။ မြန်မာပြည် အောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဧရာဝတီမြစ်ကြောင်း အတိုင်း သင်္ဘောများ၊ လှေများ ဗန်းမော်မြို့သို့ စုန်ဆန် သွားလာနိုင်သော်လည်း နွေရာသီတွင် ရေကြောင်းခရီး သွားလာရခက်ခဲသည်။ မြစ်ကြီးနားနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်မှာ မြစ်ကျဉ်းအကွေ့အကောက်နှင့် ရေစီး သန်သောနေရာ များသောကြောင့် သင်္ဘောများ မသွား လာနိုင်ပေ။ လှေငယ်၊ မော်တော်ငယ်များသာ ခရီးတိုကို ခက်ခဲစွာ ခုတ်မောင်း၍ရသည်။

၂၀ဝ၀ ပြည့်နှစ်မတိုင်မီက မြို့ချင်းဆက် မော်တော် ကားလမ်းများ ကောင်းစွာမရှိသေးသဖြင့် ပြည်နယ်အတွင်း တစ်မြို့မှတစ်မြို့ အသွားအလာ ခက်ခဲခဲ့သည်။ မြစ်ကြီးနားမှ ပူတာအိုသို့ နွေရာသီသွား ကားလမ်း သာရှိခဲ့ပြီး မိုးရာသီတွင် ကားများ သွားလာ၍ မရခဲ့ပေ။ အဓိကအားဖြင့် ပူတာအိုသို့ သွားရန် မြစ်ကြီးနားမှ တစ်ဆင့် လေယာဉ်ကို အားကိုးရသည်။ လေယာဉ်ခရီးစဉ် မှာ နေ့စဉ်မရှိဘဲ အပတ်စဉ်သာ အခေါက်ရေနည်းစွာ ပျံသန်းနိုင်သည်။ မြစ်ကြီးနား-ပူတာအိုခရီးမှာ ယခင်က သုံးညအိပ် သွားရသော်လည်း ယခု ကားလမ်း နေ့ချင်း ပေါက် သွားရောက်နိုင်ပြီဖြစ်သည်။ ပူတာအိုမှ နောင်မွန်း ကို ယခင်က လေးညအိပ် လားဖြင့်သွားရသော ခရီးအား ယခု လေးနာရီကားလမ်းခရီးဖြင့် သွား၍ရပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်က ဖောက်လုပ်ခဲ့သော မြစ်ကြီးနားကို ဖြတ်သန်းပြီး အိန္ဒိယ နယ်စပ်မှ တရုတ်ပြည်နယ်စပ်အထိ ပေါက်သည့် လီဒို လမ်းမကြီးမှာ ပြင်ဆင် ထိန်းသိမ်းမှု မပြုနိုင်ခဲ့သောကြောင့် နှစ်ပေါင်းများစွာ သုံးမရဖြစ်ခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ် မတိုင်မီမှစပြီး အပိုင်းလိုက် တဖြည်းဖြည်း ပြင်ဆင်ဖောက် လုပ်ခဲ့သော်လည်း အပိုင်းအတော်များများမှာ အဆင့်မြှင့် တင်ပေးရန် လိုနေသေးသည်။ သွား၍ရနေပြီဖြစ်သော မော်တော်ကားလမ်းများကို ပြည်နယ်မြေပုံတွင် တွေ့ရှိနိုင် သည်။

မြစ်ကြီးနားမှ မန္တလေးသို့ ကားလမ်းသုံးသွယ်ဖြင့် သွားနိုင်သည်။ မြစ်ကြီးနားမှ ဗန်းမော်ကိုဖြတ်ပြီး မန္တလေး သို့ ဧရာဝတီမြစ်ကြောင်းနှင့်အပြိုင် လမ်းနှစ်ကြောင်း အပြင် ဗန်းမော်မှ တရုတ်နယ်စပ် နမ့်ခမ်း၊ မူဆယ်၊ ထိုမှ လားရှိုး၊ မန္တလေးလမ်း ရှိသည်။ ဗန်းမော်မှ နမ့်ခမ်း၊ လားရှိုးတို့ကို ဖြတ်သော မန္တလေးလမ်းမှာ ရှည်လျားသည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ဗန်းမော်–မန္တလေး ကား လမ်းသည် ခရီးတိုသည်။ ဧရာဝတီမြစ် အနောက်ဘက် ကမ်းတွင် မန္တလေးမှ ရွှေဘိုကို ဖြတ်သန်းသော မြစ်ကြီး နားကားလမ်း ရှိသည်။ အဆင့်မြှင့်တင်ရန် လိုနေသေး သော်လည်း ယခုအခါ သွားလာ၍ရနေပြီဖြစ်သည်။

ကိုးကွယ်ယုံကြည်မှု

ကချင်ပြည်နယ်တွင် ကိုးကွယ်ကြသော ဘာသာ အယူဝါဒစုံလင်သည်။ ရှေးအခါက ကချင်လူမျိုးများသည် ရိုးရာနတ်ကို ကိုးကွယ်ကြသည်။ ယခုအခါ ရိုးရာနတ် ကိုးကွယ်သောသူ နည်းပါးနေပြီ ဖြစ်သည်။ ကချင် အများ စုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ခရစ်ယာန်ဘာသာဂိုဏ်း စုံလင်သည်။ ရိုမန်ကက်သလစ်၊ နှစ်ခြင်း၊ အင်္ဂလီကန်၊ မက်သဒစ် သာသနာဂိုဏ်းများလည်း ကချင် ပြည်နယ်တွင် အနှံ့အပြားရှိသည်။ ခရစ်ယာန်သာသနာ ပြုများသည် ၁၈၅၆-၁၈၅၇ ခုနှစ်ခန့်မှစ၍ ကချင်ပြည် နယ်တွင် ရောက်လာပြီး သာသနာပြုခဲ့ကြသည်။ မြန်မာ နိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက်ပိုင်း ခရစ် ယာန်သာသနာ ခိုင်မာ စွဲမြဲလာသည်။ ရှမ်းနှင့်မြန်မာတို့မှာ ရှေးအခါမှစ၍ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ လူနည်းစု ဖြစ်သော အိန္ဒိယနွယ်ဖွားဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် များ အနည်းငယ်စီရှိပြီး လွတ်လပ်စွာ ကိုးကွယ်လျက် ရှိသည်။ မဟာယာနကိုးကွယ်သော တရုတ်နွယ် ဗုဒ္ဓ ဘာသာဝင်များလည်း အနည်းငယ်ရှိသည်။

အင်းတော်ကြီးရေအိုင်၏ အနောက်ဘက်ကမ်းတွင် ရွှေမဉ္ဇူစေတီ ရှိသည်။ ပူတာအိုမြို့နှင့် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာ မလိခမြစ် အရှေ့ဘက်ကမ်းနဖူးတွင် တည် ထားသော ကောင်းမှုလုံစေတီသည် 'အထက်မှာ ကောင်း မှုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်မှာရွှေတိဂုံ' ဟူ၍ စာချိုးဖြင့် တင်စားရာတွင် ပါဝင်သည့် စေတီဖြစ်သည်။

ကချင်လူမျိုးတို့တွင် ရှေးအခါက ဘာသာစကားသာ ရှိပြီး စာပေမရှိခဲ့ပေ။ ခရစ်ယာန်သာသနာပြုဆရာများက ရောမအက္ခရာသုံး ကချင်စာပေကို တီထွင်ပေးခဲ့သည့် အတိုင်း ယခုသုံးစွဲလျက်ရှိသည်။ အိုလာဟင်ဆင် အမည်ရှိ သော သာသနာပြုဆရာက ကချင်–အင်္ဂလိပ် အဘိဓာန် တစ်အုပ်ကို ပြုစုထားခဲ့သည်။

ရိုးရာယဉ်ကျေးမှုနှင့် ပွဲတော်များ

ကချင်လူမျိုးများသည် ရိုးရာယဉ်ကျေးမှုကို ထိန်း သိမ်းသူများ ဖြစ်သည်။ နတ်ပူဇော်ပသသော အစဉ် အလာ ကွယ်ပျောက်လုနီးပါး ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်များက ကောက်သစ်စားပွဲ သို့မဟုတ် ကျေးဇူးတော်ချီးမွမ်းပွဲကို နိုဝင်ဘာလ ၂၅ ရက်တွင် နှစ် စဉ် ကျင်းပလေ့ရှိသည်။ ကချင်ပြည်နယ်နေ့ (ဇန်နဝါရီလ ၁၀ ရက်)နှင့် ရပ်ရွာအလိုက် ကျင်းပသော အခြားပွဲလမ်း များတွင် မနောပွဲသည် ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ ရှိသောပွဲဖြစ်သည်။ မနောပွဲမှာ ပဒန်မနော၊ ကွမ်ရန် မနော၊ ရှဒစ်ဖော့မနော၊ ဆွတ်မနောစသည်ဖြင့် ကျင်းပပုံ အမျိုးမျိုး ရှိသည်။ သို့ရာတွင် ယခုခေတ်၌ ဆွတ်မနော ပွဲကို အများဆုံးကျင်းပကြသည်။

ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု မနောပွဲတော်
ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု မနောပွဲတော်

ကချင်လူမျိုးများသည် အဆို၊ အတီး၊ အကဝါသနာထုံကြသည်။ သို့ရာတွင် ကချင်တစ်ပင်တိုင်အက ဟူ၍ မရှိပေ။ နှစ်ယောက်တွဲ၊ လေးယောက်တွဲ၊ ရှစ် ယောက်တွဲ၊ တစ်ဆယ့်ခြောက်ယောက်တွဲ စသည်ဖြင့် အဖွဲ့လိုက် ကခုန်ကြသည်။ ကချင်အကတွင် ထောင်ကာ နှင့် မနောအကများကို အများဆုံး ကကြသည်။ မနောမှာ လူပေါင်းများစွာ ပါဝင်ဆင်နွှဲရသော အကဖြစ်ပြီး ထောင် ကာအကမှာ အိမ်သစ်တက်ပွဲ၊ ကောက်သစ်ပွဲနှင့် လူမှု ရေး ပွဲလမ်းများတွင် ကကြသည်။ ကချင်ရိုးရာ ဂီတ တူရိယာများမှာ နှဲ၊ မောင်း၊ စည်တော်၊ အိုးစည်ရှည်၊ ပလွေ၊ မယ်ဒလင်၊ တယော၊ ပေါင်၊ ဒွမ်ဘာ၊ ဝန်ပေါင် ဆွမ်ပီ၊ ပီရှောင်၊ ဒေါ်ရော၊ ထလောဒ်၊ လရုံ၊ ထုရင် စသည်တို့ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ရှမ်း၊ ဗမာတို့ကလည်း ရိုးရာအလိုက် ဘုရားပွဲနှင့် ဘာသာရေး နေ့ထူးနေ့မြတ်ပွဲများ၊အလှူပွဲများ ကို ကျင်းပကြသည်။

အမျိုးသားဥယျာဉ်များ

ကချင်ပြည်နယ်သည် တောတောင် လျှိုမြောင်ထူပြောသော ဒေသဖြစ်သည်။ အပင်မျိုးနွယ်များလည်း စုံလင်သည်။ အထူးသဖြင့် ရှားပါးသစ်ခွမျိုးများနှင့် တောင်ဇလပ်ပန်းများကို တွေ့ရသည်။ သားငှက်တိရစ္ဆာန် များတွင်လည်း ကျား၊ ဆင်မှအစ အမျိုးပေါင်း စုံလင်စွာ ရှိ နေသည်။ သစ်ခုတ်လှဲမှုနှင့် မြေအောက်သယံဇာတ ထုတ် ယူမှု များသောကြောင့် သစ်တောပြုန်းတီးမှုကို ထိန်းသိမ်း ရန် လိုအပ်နေသည်။ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်နှင့် ပန်နန်းဒင်မြို့နယ်ခွဲအတွင်းရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်သည် ပေ ၁၀ဝ၀ဝ ဝန်းကျင် ဆီးနှင်းဖုံး တောင်တန်းရှိ ဇီဝမျိုးစုံကို စောင့်ရှောက် ကာကွယ်ပေး သော ဥယျာဉ်ဖြစ်သည်။ ရှားပါးသတ္တဝါများဖြစ်သော ပန်ဒါနီ၊ သမင်၊ တောင်ဆိတ်နီ၊ ကတိုးဂျီဖက်ဂျီ၊ ဇာမဏီ ငှက်၊ ရေခဲတောင် စာကလေးတို့ရှိသည်။ ထို့ပြင် အင်ခိုင် ဘွမ်အမျိုးသားဥယျာဉ်၊ အိမောဘွန်းအမျိုးသားဥယျာဉ်၊ဟူးကောင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများသည် လည်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက် သော ရပ်ဝန်းများဖြစ်သည်။

ကချင်ပြည်နယ်နှင့် ငြိမ်းချမ်းရေး

လွတ်လပ်ရေးရရှိပြီးစအချိန်၌ မြန်မာပြည် ဒေသ အနှံ့တွင် တော်လှန်ပုန်ကန်မှုများ ဖြစ်ပွားခဲ့သော်လည်း ကချင်ပြည်နယ်မှာ ၁၉၆၀ ပြည့်လွန်အထိ ငြိမ်းချမ်းခဲ့ သည်။ သို့ရာတွင် တိုင်းရင်းသားများ၏ မကျေနပ်မှု အချို့ ကို အကြောင်းပြုပြီး ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့ ပေါ်ပေါက်လာကာ နိုင်ငံတော်အစိုးရနှင့် ပဋိပက္ခ ဖြစ်လျက် ရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ် သည်။ နှစ်ဖက်ခေါင်းဆောင်များ ငြိမ်းချမ်းရေး အကြိမ် ကြိမ် ဆွေးနွေးသော်လည်း ခိုင်မာသော ငြိမ်းချမ်းရေးကို မရရှိသေးပေ။ ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူသော ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့် အစိုးရ လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်း ရေးရရှိရန် ဆက်လက်ကြိုးပမ်းလျက်ရှိရာ ကချင်ပြည် နယ် ပဋိပက္ခလည်း အပါအဝင် ဖြစ်သည်။ ခိုင်မာသော ငြိမ်းချမ်းရေး ရရှိလာလျှင် သယံဇာတကြွယ်ဝသည့်အပြင် ရေမြေတောတောင် အခြေခံကောင်းသော ကချင်ပြည် နယ်၏ အနာဂတ်သည် အလွန်ထွန်းတောက်လာမည် ဖြစ်ပါသည်။

ပင်မစာမျက်နှာသို့