Myanmar Encyclopedia

ကခုန်ခြင်း ။ ။ ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါ အစိတ် အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ ထိုသို့ လှုပ်ရှားမှုတွင် သဘော၊ သရုပ်၊ အဓိပ္ပာယ် အမျိုးမျိုး ပါရှိသည်။ ကခုန်သည့်အခါ တေးသီချင်းများကို သီဆိုပြီး လျှင် လက်ခုပ်လက်ဝါးတီး၍ စည်းချက် လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။ အချို့ သော ရှေးခေတ် အကအခုန်တို့တွင် ခေါင်း၊ ခြေထောက်၊ ကျော၊ ခါး၊ လက်မောင်း၊ လက်ချောင်းစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံးကို လှုပ်ရှား၍ ခုန်ပေါက် ကကြရ သည်။ အချို့သော အကများတွင် ခြေလက်များကို လှုပ် သည်ဆိုရုံမျှ လှုပ်ရသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့်သူ နှစ်သက်မှုရရန်ထက် လှုပ်ရှားခြင်းက အဓိက ဖြစ်သည်။

တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများ တွင် ပို၍ခေတ်စားလာခြင်းကြောင့် ကခုန်ခြင်းသည် ဖိုမဆက်ဆံရေးနှင့်သာ လုံးဝ ဆက်သွယ်မှုရှိနေသည်ဟု အချို့က ထင်မြင်ကြသည်။ ထိုထင်မြင်ချက် မှားယွင်း ကြောင်းကို ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီး၏ ကခုန်မှု ဓလေ့ ထုံးစံများကို လေ့လာလျှင် သိနိုင်သည်။ အကအခုန် ဟူသရွေ့တွင် ဖိုမဆက်ဆံရေးသဘောဖြစ်သော ကာမ ဂုဏ် အာရုံစိတ် လှုံ့ဆော်မှုမကင်းသော်လည်း ထိုလှုံ့ဆော် မှုမှာ အကြောင်းရင်း မဟုတ်၊ အဆွယ်အပွားအခြင်းအရာ တစ်ရပ်သာလျှင် ဖြစ်သည်။ သာဓကပြရသော် မင်းသား မင်းသမီး နှစ်ပါးသွားအကများတွင် ဖိုမဆက်ဆံရေး သဘောများ သက်ဝင်ပါရှိသော်လည်း အဓိကအားဖြင့် ကြည့်သူ၊ ကသူ နှစ်ဖက်သောလူတို့ စိတ်ပေါ့ပါးရွှင်မြူးခြင်း အတွင်းသန္တာန်ကို ပေါ်လွင်စေသော အမူအရာဖြစ်သည်။

လူတိုင်းတွင် ကြီးမားသော ဆန္ဒနှစ်ခုရှိရာ တစ်ခုမှာ ထင်ပေါ်လိုသောဆန္ဒဖြစ်၍ အခြားတစ်ခုမှာ လူအများနှင့် ရောနှောဆက်ဆံလိုသော ဆန္ဒဖြစ်သည်။ ကခုန်ခြင်း သည် လူတစ်ဦးအား ထိုဆန္ဒကြီးနှစ်ခုစလုံးကို တစ်ပြိုင် နက်တည်း ပြည့်ဝစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကချေသည်တစ်ဦးသည် ပရိသတ်ရှေ့တွင် မိမိ၏အစွမ်းကို ပြသခြင်းဖြင့် မိမိကိုယ်ကို ထင်ပေါ်အောင် ပြုလုပ်နိုင် သည့်နည်းတူ အများနှင့် ရောနှောခြင်းဖြင့်လည်း ထင်ပေါ် မှုကို ရရှိနိုင်ပေသည်။ တစ်ခါတစ်ရံ တစ်ကိုယ်တည်း အစွမ်းပြမှုသည် ပို၍ပေါ်လွင်တတ်လျက် တစ်ခါတစ်ရံ တွင်မူ အများနှင့် ရောနှောဆက်ဆံမှုသည် ပို၍ပေါ်လွင် တတ်သည်။ သို့အားလျော်စွာ လူတို့၏ဆန္ဒပြည့်ဝမှုကို ပေးစွမ်းသော ကခုန်ခြင်းသည် လူ့လောကတွင် ရှေး ယခင်မှစ၍ ယနေ့တိုင်အောင် ခေတ်စားနေသည်။

မြန်မာ ရာမာယဏ ဇာတ်ဝင်ခန်းကပြနေပုံ
မြန်မာ ရာမာယဏ ဇာတ်ဝင်ခန်းကပြနေပုံ

ကခုန်ခြင်းသည် မြူးထူးပျော်ရွှင်မှုကို အရင်းခံသည် ဆိုသော်လည်း အချို့ကခုန်ခြင်းတို့သည် ကာမဂုဏ် အာရုံစိတ်ကို သိသိသာသာ လှုံ့ဆော်ပေးသည်။ ယင်းမှာ ငှက်များ၊ တိရစ္ဆာန်များတွင် တွေ့မြင်ကြရသည့် အက အခုန်များကို အတုယူထားဟန်တူသည်။ သာဓကပြရ သော် သြစတြေးလျတိုက်နှင့် နယူးဂီနီကျွန်းစပ်ကြားရှိ တောရက်ရေလက်ကြားမှ ကျွန်းစုများတွင် ထူးဆန်းသော ရှေးရိုးထုံးစံတစ်ခု ရှိသည်။ ထိုထုံးစံမှာ မိန်းမပျိုကလေး များသည် လူပျိုတစ်စု ကခုန်နေသည်ကို စောင့်ကြည့်ကြ ပြီးနောက် မိမိတို့သဘောကျသူကို ရွေးချယ်လျက် ပခုံးကို လက်နှင့်တို့၍ ခေါ်ယူသွားသော ထုံးစံဖြစ်သည်။

ထိုမျှမကသေး၊ လူတို့သည် တိရစ္ဆာန်များကို အတု ယူ၍ ကခုန်ခြင်းပြုကြသည်။ ထိုအကမျိုးကို မြန်မာ ဇာတ် ပွဲများတွင် တွေ့မြင်ရသည်။ တိရစ္ဆာန်ကဲ့သို့ ကရာတွင်
မျက်နှာဖုံးများကိုစွပ်၍လည်းကောင်း၊ ဆိုင်ရာတိရစ္ဆာန် နှင့် တူအောင် ပြုလုပ်ထားသော ကိုယ်ခန္ဓာအတုထဲသို့ ဝင်၍လည်းကောင်း ကကြသည်။ တစ်ခါတစ်ရံ တိရစ္ဆာန် နှင့် တူအောင်ပြုလုပ်ရန် ပစ္စည်းမရှိသည့်အခါ အမူအရာ နှင့်ပင် တိရစ္ဆာန်နှင့်တူအောင် ပြုလုပ်၍ ကပြကြသည်။ ဘီလူးအက၊ မျောက်အက၊ ဟင်္သာအက၊ လိပ်ပြာအက၊ ကိန္နရာအက၊ တိုးနရားအက စသောအကများမှာ မြန်မာ တို့အတွက် တိရစ္ဆာန်များမှ အတုခိုးသည့် အကများ ဖြစ် သည်။ ဂျာဗားကျွန်းသူကျွန်းသားများလည်း တိရစ္ဆာန် အတုခိုးသည့်အကကို ကခုန်လေ့ရှိကြသည်။

မြန်မာနှစ်ပါးသွား အက
မြန်မာနှစ်ပါးသွား အက

အရှေ့တိုင်းအကများသည် အဓိပ္ပာယ်နက်နဲသည်။ ပျော်ရွှင်မှုအတွက်သာလျှင် မဟုတ်ဘဲ သာသနာရေး အကြောင်းများကို သရုပ်ဖော်ကာ ဇာတ်လမ်းဇာတ်အိမ် ဖွဲ့၍ ခင်းကျင်းကပြလေ့ရှိသည်။

သာသနာရေးများမှ အဆင့်ဆင့်ပြောင်းလဲပေါ်ထွန်း လာသော လူမျိုးဆိုင်ရာအကများသည် အရှေ့တိုင်းများ တွင်သာမက အနောက်နိုင်ငံများ၌လည်း တွေ့ရှိနိုင်သည်။ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ အီတလီ၊ ပိုလန်၊ အင်္ဂလန်၊ စပိန် စသော အနောက်နိုင်ငံများ၏ ကျေးလက်ဒေသများ တွင် ရှေးရိုးအကများသည် ယခုတိုင်အောင် ခေတ်စား လျက် ရှိကြသည်။

အနောက်နိုင်ငံများတွင် သရုပ်ဖော်အက 'ဘဲလေ' မှာ ၁၅ ရာစုနှစ်၌ ပေါ်ပေါက်ခေတ်စားခဲ့သည်။

(ဘဲလေ – ရှု။)

ယခုခေတ်တွင် လက်တင်အက၊ တက်ပ်အက၊ ဒစ္စကို အက၊ ဘောလ်ရွမ်းအက စသည်တို့မှသည် အေရိုးဗစ် အက၊ ဟစ်ဟော့အက စသည်တို့အထိ ခေတ်စားလာခဲ့ သည်။ မြန်မာအကတွင်လည်း ရိုးရာကကွက်များကို ဆန်းသစ်တီထွင်လျက် ခေတ်နှင့်အညီ ကကြိုးကကွက် များ ထည့်သွင်း ကပြလျက်ရှိကြသည်။

နိုင်ငံခြားများမှာကဲ့သို့ပင် မြန်မာအကပညာသည် လည်း ရှေးခေတ်လူတို့၏ သာသနာရေးအကများမှ ပေါ် ပေါက်လာသော သဘင်မှုတစ်ရပ်ဖြစ်သည်။ ယဉ်ကျေးမှု နယ်ပယ် ကျယ်ဝန်းလာခဲ့သည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှု သည် အနောက်ဘက်ရှိ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ပေါင်းစပ်မိသည်။

သို့ရာတွင် မြန်မာ့ယဉ်ကျေးမှု၏ မူရင်းအသွင်အပြင် မှာကား ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ မြန်မာ့အက ပညာသည်လည်း မြန်မာပီပီပင် တည်ရှိခဲ့သည်။

ထိုင်းလူမျိုးတို့၏ ရိုးရာအက

၁၆ ရာစုနှစ်အတွင်း စိုးစံခဲ့သော ဘုရင့်နောင် လက် ထက်နှင့် ၁၈ ရာစုနှစ်အတွင်း စိုးစံခဲ့သော အလောင်းဘုရား လက်ထက်တို့တွင် ဖြစ်ပွားခဲ့သော ယိုးဒယား–မြန်မာစစ်ပွဲ များကြောင့် ယိုးဒယား ယဉ်ကျေးမှုများသည် မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာခဲ့ရာ ယိုးဒယားကချေသည်များ နှင့် ယိုးဒယားအကပညာလည်း ပါဝင်သည်။

ပင်မစာမျက်နှာသို့