Myanmar Encyclopedia

ကကေးအိုပင် ။ ။ စပိန်လူမျိုးများ အမေရိကတိုက်သို့ ဦးစွာရောက်စဉ်က မက္ကဆီကိုနယ်မှ တိုင်းရင်းသားတို့ သည် ကကေးအိုပင်မှရသော အစေ့မှုန့်ဖြင့် ဖျော်ထား သည့် အရည်ခါးခါးကို သောက်သုံးကြောင်း တွေ့ရသည်။ ထိုတိုင်းရင်းသားတို့က ဤအရည်ခါးကို 'ချောကလက်' ဟုခေါ်၍ ကကေးအိုပင်မှရကြောင်း ပြောပြသဖြင့် ယနေ့တိုင် ထိုအပင်ကို ကကေးအိုပင် ဟူ၍လည်းကောင်း၊ ထိုအပင်၏ အသီးမှရရှိသော အစေ့မှုန့်နှင့် သကြားရော စပ်ထားသည်ကို ချောကလက်ဟူ၍ လည်းကောင်း အမည်တွင်လျက် ရှိသည်။ ကော်ဖီ၊ လက်ဖက်ခြောက်တို့ ကဲ့သို့ လူတို့ သောက်သုံးကြသော ကိုကိုးမှုန့်မှာ ကကေး အိုသီး အစေ့မှုန့်များပင်ဖြစ်သည်။ (ကိုကိုး - ရှု။)

ကကေးအိုပင်နှင့် အသီးများ
ကကေးအိုပင်နှင့် အသီးများ

ကကေးအိုပင်များ၏ မူလပေါက်ရောက်သော အရပ် မှာ အမေရိကတိုက်ရှိ ပူပြင်းစွတ်စိုသော ဒေသများ ဖြစ် သည်။ ထိုအရပ်ဒေသမှတစ်ဆင့် အာဖရိကတိုက်နှင့် အာရှတိုက်ရှိ ပူပြင်းသောအပိုင်းတို့တွင် ကကေးအိုပင်ကို စိုက်ပျိုးလာခဲ့ကြသည်။

ကကေးအိုပင်မှာ ဆယ့်နှစ်ရာသီ စိမ်းလန်းသော အမြဲစိမ်းပင်ဖြစ်သည်။ အမြင့်ပေ ၂၀ မှ ပေ ၄၀ အထိရှိ၍ တစ်နှစ်ပတ်လုံး ပွင့်သည်။ အသီး အောင်မြင်စေရန်နှင့် အရိပ်ရစေရန် အချို့ ကကေးအိုခြံများတွင် ငှက်ပျောပင် များကိုရော၍ စိုက်ပျိုးတတ်ကြ သည်။ ကကေးအိုအပွင့်နှင့် အသီးများသည် ပင်စည်မှလည်းကောင်း၊အကိုင်းရင့်ကြီးများမှလည်းကောင်း ထွက်၍ ပွင့်ကြ သီးကြသည်။

အသီးများမှာ သခွားသီးအငယ်စား အရွယ်ရှိ၍ မှို့သီး ကဲ့သို့ အသီးတောင့်များ ဖြစ်သည်။ ကကေးအိုသီးခွံကို ခွာလိုက်လျှင် အရသာချိုသော အတွင်းသား အနှစ်ပျော့ထဲ ၌ ကကေးအိုစေ့ပေါင်း ၂၉ စေ့မှ ၅၀ အထိ ရှိတတ်သည်။ ကကေးအိုစေ့များသည် ဗာဒံစေ့ အရွယ်ခန့် ဖြစ်သည်။ အနှစ်ဖတ်များ တွယ်ကပ်နေသော အစေ့များကို သုံးရက် ခန့် စုပုံ၍ထားကြ၏။ သုံးရက်အတွင်း အစေ့များ ကစော်ပေါက်လာသဖြင့် အရသာ ခါးသက်သက် ဖြစ်လာ သည်။ သုံးရက်က ကျော်လွန်လာလျှင် ထိုအစေ့များကို နေပူတွင် ဖြန့်၍ အခြောက်လှန်းကြသည်။ ကိုကိုး သို့မဟုတ် ချောကလက်ပြုလုပ်မည့် စက်ရုံများရှိရာ အရပ် သို့ မတင်ပို့မီ ကကေးအိုစေ့များကို ကောင်းစွာ ခြောက် သွေ့အောင် ပြုလုပ်ရသည်။ စက်ရုံသို့ရောက်သည့်အခါ ထိုအစေ့များကို အမှုန့်ဖြစ်အောင်ကြိတ်၍ ကိုကိုးမှုန့်၊ ချောကလက်စသည်တို့ ပြုလုပ်ကြသည်။

စက်ရုံသို့ရောက်သောအခါ ကကေးအိုစေ့မှ ဖုံးထား သော အခွံပါးကို ခွာပစ်လိုက်သည်။ ကကေးအိုစေ့များ တွင် လူတို့အတွက် အာဟာရဓာတ်ကို အထူး ဖြစ်စေနိုင် သည့် ဆီတစ်မျိုး ပါရှိသည်။ ထိုဆီကြောင့် ချောကလက် သည် လူတို့အတွက် အာဟာရနှင့် ပြည့်စုံသည့် အစား အစာဖြစ်သည်။ ထိုဆီ၏အရောင်မှာ ညိုညစ်ညစ် ဖြစ် သည်။

ချောကလက်မှာ ကကေးအိုစေ့မှ ရသောအမှုန့်ကို မူလအခါးဓာတ် ပျောက်ပြယ်သွားစေရန် သကြားကို လို သမျှ ရောစပ်၍ ပြုလုပ်ထားသည့် အစာဖြစ်သည်။ ချိုရင်း စွဲဆီအပြင် ချိုချဉ်ခဲဖွယ်လုပ်သူတို့သည် ချောကလက်တွင် ကိုကိုးဆီကို အပိုဆောင်း၍ ထည့်ကြသည်။

ကကေးအိုပင်များသည် အပင်သက် ငါးနှစ်ခန့်ရှိမှ အသီးများသီးသည်။ ကကေးအို အများဆုံးစိုက်ပျိုးသည့် နိုင်ငံများမှာ အိုင်ဗရီကို့စ်၊ ဂါနာ၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီး ယား၊ ဘရာဇီး၊ ကင်မရွန်း၊ အီကွေဒေါ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ ပါပူဝါနယူးဂီနီ၊ မလေးရှား၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ပီရူး၊ ဗင်နီဇွဲလား၊ ဆီရာလီယွန်၊ တိုဂို၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ကွန်ဂိုနှင့် ဆော်လမွန်ကျွန်းတို့ ဖြစ်ကြသည်။

ပင်မစာမျက်နှာသို့