ကကုသန်မြတ်စွာဘုရား ။ ။ ကကုသန်မြတ်စွာဘုရား သည် ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူပြီးသော ဘုရား လေးဆူအနက် ပထမဆုံးပွင့်တော်မူသော ဘုရားရှင် ဖြစ် သည်။
ကကုသန်မြတ်စွာဘုရားရှင် ဖွားတော်မူရာ မြို့တော် မှာ ခေမင်္ကရမင်းကြီး ထီးနန်းစိုးစံရာဖြစ်သည့် ခေမဝတီ နေပြည်တော်ဖြစ်၍ ခမည်းတော်မှာ အဂ္ဂိဒတ္တပုဏ္ဏား၊ မယ်တော်မှာ ဝိသာခါပုဏ္ဏေးမတို့ ဖြစ်၏။
အိမ်ရာစိုးအုပ်၍ နေတော်မူသော နှစ်ပေါင်းမှာ ၄၀ဝ၀ ဖြစ်သည်။ ပြာသာဒ်တော်သုံးဆောင်တို့မှာ ကာမ ပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိ ပြာသာဒ်တို့ ဖြစ်၏။ ကြင်ဖက်တော်မှာ ရံရွေတော်ပေါင်း ၃၀ဝ၀ဝ အခြံ အရံရှိသည့် ရောစိနီပုဏ္ဏေးမ ဖြစ်ပြီးလျှင် သားတော်မှာ ဥတ္တရသတို့သား ဖြစ်သည်။
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော် မူသောယာဉ်မှာ အာဇာနည်မြင်းကသော ရထားယာဉ်ဖြစ် ၍ ရှစ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီး ဘုရားအဖြစ် သို့ ရောက်တော်မူသည်။
အဂ္ဂသာဝကအစုံတို့မှာ ဝိဓုရမထေရ်နှင့်သဉ္ဇီဝမထေရ် တို့ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ်ဖြစ်သည်။ အဂ္ဂသာဝိကာအစုံတို့မှာ သာမာထေရီနှင့် စမ္ပာထေရီတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင်ဗောဓိ ဖြစ် သည်။ မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ အစ္စုတ နှင့် သုမနသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ နန္ဒာနှင့် သုနန္ဒာဥပါသိကာတို့ ဖြစ်ကြ သည်။
ကကုသန်မြတ်စွာဘုရားသည် အရပ်တော် အတောင် ၄၀ မြင့်တော်မူသည်ဖြစ်၍ ကိုယ်တော်မှ ထွက် သော ရောင်ခြည်တော်သည် ထက်ဝန်းကျင် ၁၀ ယူဇနာ တိုင် ပျံ့နှံ့ကွန့်မြူး၏။
ကကုသန်မြတ်စွာဘုရား ပွင့်တော်မူရာ သက်တမ်း မှာ အနှစ် ၄၀ဝ၀ဝ တမ်းဖြစ်၍ သက်တမ်း၏ ငါးပုံလေးပုံ ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအလျဉ်မှ နိဗ္ဗာန်တည်းဟူသော သောင်ကမ်းထက်သို့ ဆယ်ထုတ် ကယ်တင်တော်မူခဲ့သည်။
မာရ်ငါးပါးကို အောင်မြင်တော်မူသော ကကုသန် မြတ်စွာဘုရားသည် ခေမအမည်ရှိသော အာရာမ်ကြီး၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုအာရာမ်ကြီးအတွင်းမှာပင် တစ်ဂါဝုတ်အမြင့်ရှိသော စေတီတော်ကြီး တည်ထား
ပူဇော်ခဲ့ကြသည်။ ဦးစံသင်းလှိုင်
မြန်မာ့ စွယ်စုံကျမ်းအတွဲများကို အွန်လိုင်းတွင် ဖတ်ရှုနိုင်ရေးအတွက် စာပေဗိမ္မာန်၏ ကနဉီး ကြိုးစားအားထုတ်မှု ဖြစ်ပါသည်။ စမ်းသပ်တည်ဆောက်ထားသော အဆင့်သာ ရှိသေးသည့် အတွက် အခြားသော အွန်လိုင်းစွယ်စုံကျမ်းများ ကဲ့သို့ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးစားလျက် ရှိပါသည်။ ထိုသို့ ဆက်လက်လုပ်ဆောင်ရာတွင် စာဖတ်သူများ၏ ထူးခြားကောင်းမွန်သည့် အကြံပြုချက်များကိုလည်း လိုအပ်သလို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ပါသဖြင့်၊ အကြံပြုချက်များကို ဖုန်းနံပါတ် 123456799 နှင့် အီးမေးလ်လိပ်စာ xxx@yyyy.com သို့ 30 April 2021 နောက်ဆုံးထား ပေးပို့ နိုင်ပါသည်။